ဟုတ်ကဲ့..။ ကျွန်တော် တို့ ငယ်ငယ်တို့ တုန်းက သင်ခဲ့ရပါတယ်။ သိပ်တော့ မှတ်မိသည် မဟုတ်။
ကျွန်တော် ဒီနေ့ တော့ စဉ်းစားမိပါရဲ့။ ဘာတွေ ကွာကုန်သည် ဖြစ်ပါလိမ့်။ ဒီနေ့ ကလေးတွေ စာမေးပွဲ
ဖြေကြသည်။ ကျွန်တော်က ဖြစ်မြောက်ရေးအဖွဲ့ ကို ကူပေးရင်းရောက်ဖြစ်ခဲ့သည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့
သင်တန်း စာမေးပွဲတဲ့....။ စာမေးပွဲ ဖြေဖို့ ရာ ရပ်ရွာ ဒေသများမှ အားပေးကြသည်။ ရွာတွေမှ သက်ဆိုင်ရာ
လူကြီးများ လိုက်လာပြီး စောင့်ဆိုင်းပေးသည်ထိ။ ဒီနှစ်တွင် ဘယ်မှ ဆုရသည် ကိုလည်း စိတ်ဝင်စားကြသည်။ တစ်နယ်လုံးနီးနီး ၀င်ဖြေကြသည်ဖြစ် သောကြောင့်လည်း သူ့ ရွာထက် သူ့ ရွာ...အပြိုင် အပြိုင်။
အကြိုအပို့ အတွတ် ပင် ရွာမှ ဘုန်းကြီး ကိုယ်တိုင်ကြီးကြပ်သည်။ ကိုယ့်ရွာမှ ဆုရလျှင် တစ်နယ်လုံးတွင်
့ရွာ မျက်နှာပန်းပွင့်သည်လေ။ ကလေးတွေ လည်း တစ်လစာ သင်ကြားထားသော စာတွေ ကို ဖြေဆိုဖို့ ရာ အားတတ်သရော။ အားရစရာကောင်းလှပါသည်။ စာမေးပွဲ ပြီး သောအခါ ကလေးတွေကို အလှူရှင်များမှ ထမင်းကြော်ကျွေးသည်။ အားရပါးရ ဖြေဆိုပြီး ကလေးတွေ တရုန်းရုန်း ဆင်းလာကြသည်။ သူတို့ 
ဆာလောင်နေကြ ဟန်ရှိရဲ့။ ဟုတ်ပေလိမ့်။ မနက်ကြီး ကတည်းက သူတို့ ရွာမှ ထွက်လာကြသည်ဘဲ။
ဆာကြပေလိမ့်။ ထမင်းကျွေးခန်းထဲသို့ ဝရုန်းသုန်းကား ပြေးဝင်လာကြသည်။ ကလေးတွေဆိုသည် ဟန်ဆောင်မှု့ ကင်းကြသည်။ ပန်းကန် အထပ်ကြီးက မျက်စိအောက်တွင် တဖြုတ်ဖြုတ်....။
ထမင်းကြော်ကို ကောင်းမွန်စွာကြော်ထားပြီး။ သရက်ချဉ်တစ်ခွက်။ ဟင်းခါးတစ်ခွက်။ စားလို့ မြိန်လှသည်။ ကျွန်တော်ကတော့ မထမဆုံး ကလေးတွေနှင့် ၀င်စားထားပြီးသား။ ရွာမှကလေး၊ မြို့ပေါ်မှကလေး အားရပါးရ လွေးကြသည် ကိုတွေ့ ရတော့ အလှူ့ရှင်များ ကျေနပ်ကြသည်။ အားရစရာ။ နို့ တဲ့ ကလေးအင်းအားက
မနှစ်ကထက် အင်မတန်များလာရာ...ပန်းကန်းမငှမှု့ကြောင့် ....ပန်းကန်လွတ်ကို မျက်စိ ကစား ရှာဖွေနေသော ကလေးများ။ စားပြီးတော့မည့် ကလေး ဘေး က ပန်းကန်စောင့်နေသော ကလေးတွေ မျက်နှာ။
ကလေးတွေ ...ကလေးတွေ ..ထောင်ချီပေလိမ့်။
ကျွန်တော်.... ကျွန်တော့် ကလေးဘ၀ကို သတိရမိသည်။ ကျွန်တော် လည်း သူတို့ ကဲ့သို မထူးလှ။ ကျွန်တော်တို့ ငယ်စဉ်က ရေခဲသေတ္တာဆိုသည် ကို ကျွန်တော်မမြင်ဘူးခဲ့။ ရေခဲ ဆိုသည်မှာ ဈေးထဲတွင် ငါးကားကြီးတွေ လာမှသာ မြင်ရသည်။ ငါးကားလာလျှင် ကျွန်တော့်တို့  ကလေးတသိုက်က ရေခဲ ခွဲနေသော
နေရာ ဘေးမှာ တ၀ဲဝဲလယ်။ ဘေးသို့ ရေခဲ လွင့်လာလျင်တော့ မအောင့်မေ့ပေနှင့် ...။ အနီးဆုံး ကလေးက
ကောက်ပြီး ကျောင်းထဲပြေးရသည်။ ပြီးတော့ မှ ရေဆေးပြီး ဝေစားကြသည်။ ဒီနေ့ ကလေးတွေကို မြင်ရတော့  ကျွန်တော့် ကလေးဘ၀ကြည်နူးစရာ အတိတ်လေးတွေ တန်းစီနေပါတော့သည်။
သူတို့ က ကျွန်တော့်ကို ဦးလေးတဲ့။ သူတို့ လက်ထဲတွင် မေးခွန်းစာရွက်တွေ ကိုယ်စီနှင့်။ ကျွန်တော် ကလည်း ကလေးတွေကို ထမင်းထည့်ပေးရင်း... ဘာရယ်မဟုတ် ၀တ္တရားအရ မေးသည်။ ဖြေနိုင်လားပေါ့။
တချို့ ကတော့ပြုံးလို့။ တချို့က တော့ သိပ်မရပါတဲ့။ ကျွန်တော် မေးခွန်းစာရွက်ကို ယူကြည့်သည်။ ခပ်တည်တည်နှင့်ပေါ့။ တစ်ပုဒ်မျှပင် တိတိကျကျ မဖြေနိုင်ပါ့လားဗျာ။ ဒါတောင် အလယ်တန်းအဆင့် မေးခွန်းတဲ့ဗျာ။
ကျွန်တော် ခပ်တည်တည် ပြုံးလိုက်ရသည်။ အဖြေကို မမေးတာ တော်သေးသည်လို့ ဘဲ သက်ပြင်းချမိသည်။ ကျွန်တော် မကျေနပ်...။ ကျွန်တော့်ညီမ၀မ်းကွဲ တစ်ယောက်လည်း ၀င်ဖြေသည်။ သူ့ က အငယ်တန်း။ သူ့ ဆီက မေးခွန်းတောင်းသည်။ သူကဖြေနိုင်သည်တဲ့။ သူဖြေခဲ့သည်များကို ပြန်ပြောပြသည်။
ကျွန်တော် တော့ ခေါင်းညိတ် နေရုံသာ။ မသိပြန်ပါ။ ကျွန်တော် ရင်တုန်လာသည်။ မဖြစ်သေးပါ။
အဘယ်ကြောင့် နည်း။ ကျွန်တော်ဘဲ လွဲနေသလော။ ကျွန်တော် မေးခွန်းစာရွက်တွေ အစုံတောင်းယူလိုက်သည်။ မေးခွန်တွေက အငယ်တန်း၊ အလယ်တန်း၊ အကြီးတန်းနှင့် အဘိဓမ္မာတန်း ထိရှိလေသည်။ ၀ိုင်းကူသော လူများ ၊ စာမေးပွဲခန်းစောင့်သောလူများ၊ လူကြီးများကို တစ်ခုစီ လိုက်မေးသည်။ ထိုမှပင် ကျွန်တော် သက်ပြင်းကြီး ကျပါတော့သည်။ ငါတစ်ယောက်တည်း မဟုတ်ဟု။
Apr 11, 2008
လူကြီးနှင့် လူငယ်
Posted by
Phoe Lynn
at
7:42 PM
0
comments
Apr 6, 2008
ဟုတ်ကဲ့...ဆရာ့
ဟုတ်ကဲ့ ဆရာ့။ ကျွန်တော် နှုတ်ဆက်မိတယ်။ ဟုတ်ပါတယ်။ အကျင့် ပါသွားတာ
လို့ ပြောရမယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်ကို စာသင်ပေးတဲ့ ဆရာတွေကို ခေါ်ခဲ့ပါတယ်။ ဆရာကြီး။ ဆရာက ပြောတဲ့ အခါတွေမှာ လက်လေးပိုက်လို့  ရိုရိုကျိုးကျိုး နာခံလေ့ရှိပြီး တုန့် ပြန်တော့...ဟုတ်ကဲ့..ဆရာ့။ ကျွန်တော် စဉ်းစားမိခဲ့ပါတယ်။ ကျွန်တော် ဆေးရုံပေါ် ရောက်တော့ ....။ ကျွန်တော့် အဒေါ်တစ်ယောက် ဆေးရုံ တတ်တာပါ။
ကျွန်တော့် ဘေးမှ အစ်မနှင့် စကားပြောရင်း...။ဆရာဝန်တွေ ပတ်နေသဖြင့် ကျွန်တော်တို့  အပြင်ထွက် ရှောင်နေရင်း စဉ်းစားမိခဲ့ ။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်
ဆရာတွေကို ဆရာခေါ်ခဲ့။ အရွယ်ရောက်လာတော့ ....ဆရာတွေ တပုံကြီး ရခဲ့။ သင်ရင်း၊ပြင်ရင်း ဆရာတွေက အများသား။ လမ်းပြ ပုလိပ်ကို တုန်ရီစွာနဲ့  ပြောခဲ့ရ...
ဟုတ်ကဲ့ ဆရာ့။ မှတ်ပုံတင်ပျောက် ပြန်ရဖို့  ဦးစီးရှေ့ သိမ်မွေ့ စွာ ပြောခဲ့ရ ...
ဟုတ်ကဲ့ ဆရာ့။ ဆေးရုံရောက်ရပြန်တော့ ဆရာဝန်တွေရှေ့ လေးစားစွာ ခေါ်ခဲ့... ဆရာ့။
ဝပ်ရှော့ ဆရာ ကားပြင်ရင်း ခေါ်ခဲ့...ဆရာ့။ စက်တွေ အကြောင်း လေ့လာရင်း
တွင်ခုံ ဆရာရှေ့ စူးစမ်းလို စိတ်နှင့် ခေါ်ခဲ့ ဆရာ့။ ဟုတ်ကဲ့ ဆရာ့။ ဟုတ်ကဲ့ ဆရာ့။
ဟုတ်ကဲ့ ဆရာ့။ ကျွန်တော် ငြီငွေ့ ခဲ့ပါပြီ။ တစ်ယောက်တွေ့ တော့ ဆရာ့။ နောက် တွေ့  တော့လည်း ဆရာ့။ ကျွန်တော် ကျောင်းပြီးသောအခါတွင် ဘာမျှမလုပ်ဘဲ အတော်ကြာအောင် နေပါသည်။ အလုပ်မရသည် ကလည်း ပါပါရဲ့။ ကျွန်တော့် သူငယ်ချင်းများအချို့ က သင်တန်းများတွင် စာသင်ကြသည်။ သူတို့ နှင့် လမ်းလျှောက်ရင်း သူတို့ ကို လမ်းတွေ့ 
သောလူ အချို့ က ခေါ်ကြသည်။ ဆရာ့တဲ့။ ကျွန်တော်တို့  လ္ဘက်ရည်ဆိုင် ထိုင်ဖြစ်ကြတော့ သူတို့ တပည့် တွေလည်း လိုက်ထိုင်ကြသည်။ ကျွန်တော့်ကို မေးသည်။
ဘာလုပ်နေသနည်းတဲ့။ ကျွန်တော့်မှာ မယ်မယ်ရရ ပြစရာအလုပ် မရှိ။ ကျွန်တော် အပြေးအလွှား စဉ်းစားသည်။ ကျွန်တော် ပြန်ပြောမိသည်။ စာသင်နေသည်လို့ ။
သူငယ်ချင်းများ ကျွန်တော့်ကို အားကျသလို ကြည့်သည်။ ဟုတ်သည်ဘဲ။
အပြင်ဆယ်တန်း ကျူရှင်ဆရာတစ်ယောက် ၀င်ငွေက နည်းမှ မနည်းတာကိုဗျာ။
ကျွန်တော် ဆက်မပြောဖြစ်တော့။ သူတို့ လည်း သူတို့  စကားနှင့် ကျွန်တော်လည်း စာဖတ်ရင်း...နောက်မှ ဆရာကြီးတဲ့။ သူတို့  လှည့်ကြည့်သည်။
နို့ တဲ့ ကျွန်တော် သိတာပေါ့။ အဲ့အသံက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော တပည့် အသံဘဲ။ ကျွန်တော့်ကို ခေါ်တာ ...သူတို့ ကို ခေါ်တာမှ မဟုတ်ဘဲ။ ကျွန်တော့်တပည့် ရှောင်ကွမ်းပါ။ ကျွန်တော် အလယ်တန်းကျောင်းသာ ဘ၀တုန်းက စာသင်ပေးခဲ့ တဲ့ ဆရာမရဲ့ သားလေးပါ။ ဆရာမက ကျွန်တော့်ဆီ အပ်ထားသည်။ ကျွန်တော်လည်း တစ်ယောက်တည်း ပျင်းနေရာ အံကျလှပြီ ဆိုပြီး လက်ခံထားသည်။ မိုးချုပ်ဘက်တွင် ရှောင်ကွမ်း လာချင်အောင် ကျွန်တော်က မုန့် တွေ ၀ယ်ထားရသည်။ အတော်နှင့် ပေါ်မလာလျင် မုန့် ထုပ်နှင့် သွားခေါ်ရသည်။ အိမ်မှ မုန့် က ပိုကောင်းသည်လို့ လည်း မဲဆွယ်ရသေးသည်။ ကျွန်တော် ရှောင်ကွမ်းကို ``၀´´လုံး ရေးနည်း သင်ပေးရသည်။ ကလေးက သူ့ အဖေနှင့် မုန့် လာစားရင်း ကျွန်တော့်ကို တွေ့ တော့ခေါ်သည်။ ဆရာကြီးတဲ့။ သူငယ်ချင်းများ ကျွန်တော့်ကို ကြည့်သည်။ ကျွန်တော် ရှောင်ကွမ်းကို ပြန်ပြုံပြရင် ခပ်တည်တည်နှင့်ပြောခဲ့သည်။ အဲ့ဒါ ငါ့ရဲ့ တစ်ဦးတည်းသော တပည့် ရှောင်ကွမ်းတဲ့ပေါ့။ ရှောင်ကွမ်းနှင့် မိတ်ဆက်ပေးခဲ့သည်။ အဲ့ အချိန်မှ စပြီး ကျွန်တော် သတိ ထားမိခဲ့သည်။ ဆရာတဲ့။ အချို့ က ပြောကြသည်။ သူများတွေများ ဘယ်သို့  ဖြစ်နေကြသည်။ ဘယ်နေရာမှာ ဆရာကြီးဖြစ်နေကြသည် စသည်ဖြင့် ပြောလာလျင် ကျွန်တော် ပြန်ပြောသည်။ အဲ့ဒါများ လွယ်လွန်း လို့ ပေါ့။ လွယ်အိတ်တစ်လုံးနှင့် သိမ်ကြီးဈေး ကို ပတ်လျင် ဆရာခေါ်တဲ့လူတွေ ပုံလို့ ပါလို့ ။ ကျွန်တော် အားသည့်အခါများတွင် ဖုန်းကို ကိုယ့်ဘာသာ ပိတ်ထားပြီး ခေါ်သည်။ ထိုအခါများတွင် တယ်လီဖုန်းထဲမှ ``လူကြီးမင်း၏ တောင်းဆိုချက်ဖြင့် ....´´အစချီသော အသံကို အားရအောင် နားထောင်သည် လို့ လည်း ကလိသည်။ ဟုတ်သည်ဘဲ ကျွန်တော့်ကိုလည်း ဆရာ ခေါ်တဲ့ လူတွေ ရှိသလို လူကြီးမင်းလို့ ပြောတဲ့လူတွေလည်း ရှိသေးတာဘဲနော်။ နောက်ကျွန်တော်ကြားဖူးတဲ့  ပုံပြင်လေးတစ်ခုကို ပြောပြသည်။ တစ်ခါတုန်းက သာလိကာ ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ လူတစ်ယောက် ၀ယ်ဖို့ရာ ရောက်လာပြီး ဈေးမေးသတဲ့။ ရောင်းတဲ့လူက ပြောတယ်။ တစ်သိန်း။ ၀ယ်သူ လန့်သွားတယ်။ ဘယ်နှယ့်ဖြစ်သနည်း။ မဖြစ်နိုင်တာဘဲ။ ဘာတွေတတ်လို့ တုန်းမေးသတဲ့။ ရောင်းသူက ပြောတယ်။ သူက အင်္ဂလိပ်လို ကျွမ်းတယ်တဲ့။ ၀ယ်သူက စမ်းကြည့်တယ်။ အဟုတ်ကို ဘဲ ပြောနိုင်နေတာ တွေ့ သတဲ့။ သူလည်း ကြည့်ရင်း နောက်တစ်ကောင် ကို ဈေးမေးတယ်။
၃ သိန်းတဲ့။ ဒီတစ်ခါ တော့ လွန်ပြီးပေါ့။ ၀ယ်သူ က တွတ်ပါတယ်။ ဘာတွေ တတ်သတုန်း မေးပြန်ရော။ ရောင်းသူက ပြန်ပြောတယ်။ အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ကြိုက်သလို စမ်းကြည့်လို့ ရတယ်တဲ့။ ၀ယ်သူက စမ်းပြန်တော့ ဟုတ်နေပြန်သတဲ့။ သူအံ့သြ ရပြီ။ စူးစမ်းလို စိတ်နဲ့  နောက်တစ်ကောင်ကို မေးပြန်တော့ ....၅ သိန်းတဲ့။ သူ အတော်လေး ထူးဆန်းနေမိပြီး
သူ ကကော ဘာတွေတတ်တုန်း မေးသတဲ့။ ရောင်းတဲ့သူက ပြန်ပြောတယ်။ သူက
အခုထိတော့ ဘာမျှ မပြောသေးပါဘူး။ ဒါပေတဲ့ ဘေးက နှစ်ကောင်က ဆရာခေါ်တယ်တဲ့။ ကျွန်တော် သူငယ်ချင်းများကို ထိုပုံပြင်လေး ပြောပြပြီး .....သူတို့ ကို နှစ်နှစ်ကာကာပဲ ခေါ်ပစ်သည်။ ဆရာ။ ကျွန်တော် တို့ သူငယ်ချင်းများ တွင် တစ်ယောက်တစ်လှည့် ဆရာခေါ်သော အလေ့ အကျင့် ယနေ့ ထိ ရှိဆဲပါ။ နို့တဲ့.....ဆေးရုံဝန်းထဲတွင် ကျွန်တော်
နှင့် အစ်မ..... ခေါ်ခဲ့ကြသော ဆရာ....ဆရာ....ဆရာ...ကိစ္စကို ဆွေးနွေးရင်း...ကျွန်တော် စဉ်းစားရင်း...စဉ်းစားရင်း.....ခပ်မှိန်မှိန် မီးရောင်အောက်မှ ဖတ်လက်စ စာအုပ်ကို ပိတ်လိုက် မိပါသည်။ မဖြစ်သေးပါ။ ကျွန်တော့် မျက်စိကို ဂရုစိုက်ရပါအုံးမည်။ ဟုတ်ဘူးလား..... ဆရာရယ်နော်။
ကျွန်တော့်ကိုလည်း ယခုအခါ ဆရာခေါ်သောသူ တွေ များလှပါသည်။
ဘယ်သို့ ဖြစ်သနည်း။ ကျွန်တော်ကိုယ့်ဘာသာ ဆန်းစစ်မိသည်။ နားစိမ်းလှချည်သေးရဲ့။
Posted by
Phoe Lynn
at
5:55 PM
0
comments