ကျွန်တော် ဒီနေ့  သူငယ်ချင်းတစ်ယောက်နဲ့ စကားစမြည်းပြောဖြစ်တော့…
သူ က ကျွန်တော်တို့ မြို့အကြောင်းပြောတယ်။ပြီးသူ့ ကဗျာလေးကို ပြတယ်။
ကျွန်တော်လည်း စဉ်းစားတယ်။မြို့လေးအကြောင်းကို…………။ကျွန်တော် လည်း
တစ်ခါတရံ မြို့လေးကို ရောက်တတ်တယ်လေ။သိပ်တော့သိလှသည်မဟုတ်ပေတဲ့….
အကောင်းတွေရှိသလို အဆိုးတွေလည်းရှိပါရဲ့။ငယ်တည်းက အဲ့မှာ ကြီးခဲ့ရတာဆိုတော့
သံယောဇဉ်လေးတော့ရှိတယ်လေ။ကျွန်တော်တို့ မြို့။ကျွန်တော်တို့ မြို့လေးက ထန်းပင်တွေ
ပေါတဲ့မြို့လေးတစ်မြို့။ထန်းလျက် အဓိက ထွက်တဲ့မြို့လေးပေါ့။အခြားထွက်ကုန်တွေ
အနေနဲ့တော့မကျီး၊ပွဲစားနှင့် ကားသမားတွေဘဲဖြစ်ကြပါသည်။ပဲနှင့် မိန်းမလှအနည်းငယ်လည်းထွက်သေး၏။
ရာသီဥတုသာယာ၏၊နွေမိုးဆောင်း ရာသီဥတုပြီပြင်လှ၏။နွေဆိုပူပြီး ဆောင်းဆိုအေးလေ၏။မိုးဆိုလျင် မိုးရွာသည်။ရံဖန်ရံခါ မှလွဲပြီးပေါ့။ကျွန်တော်တို့ မြို့လေး ကို အရှေ့ဘက်(မိထ္ထီလာဘက်မှ) ၀င်လာ သည်ဖြစ်လျင် ထန်းပင်များကိုစတင်တွေ့ ရမည်ဖြစ်ပြီး….ခပ်မို့ မို့ ကုန်းကမူလေးတွေ…မြောက်ဘက်မှ ပုပ္ပါးတောင်ကို ထင်ထင်ရှားရှားမြင်ရမှာဖြစ်ပါသည်။လမ်းတွင် ဘုန်းကြီးကျောင်းများ….။မြို့အနောက်ဘက် (ချောက်၊ဂွေးချို) ဘက်မှလာသည်ဖြစ်လျှင်..ခပ်အုပ်အုပ်ညောင်ပင်ကြီးတွေ…၊ရေကန်လေးတွေ…။ရွာပေါက်စလေးတွေ…ကျိုးတို့ ကျဲတဲ အိမ်လေးတွေ…။ကဲ…မြောက်ဘက်ကဆိုယင်ကော..မြင်းခြ၊ံပုပ္ပါးဘက်ကပေါ့… ခပ်ကျယ်ကျယ်
စိုက်ပျိုးရေးဝန်းတွေ..။ကုန်းတက်ကုန်းဆင်းတွေ….ပုပ္ပါးတောင်မကြီးကို ကျောပေးပြီး…မြို့ထဲကို ၀င်လာမှာပေါ့။အနောက်မြောက်ဘက်…ပုဂံညောင်ဦးဘက်ကလည်းလာလို့ ရတယ်လေ…။
အဲ့ဘက်လာရင်တော့….မြို့ထဲအ၀င်မှာထန်းပင်တွေ တန်းစီနေတာကိုတွေ့ ရမှာဖြစ်ပါတယ်။
လမ်းမှာလည်း ထန်းလျက်ရောင်းတဲ့ဆိုင်တွေ ကိုတွေ့ ရမယ်လေ။မြို့တောင်ဘက်မှာတော့ ကောင်းဒီတောင်
က ကပ်လျက်ရှိနေပါတယ်။တောင်ပေါ်မှာ စေတီလေး တစ်ဆူကိုဖူးတွေ့ ရမှာဖြစ်ပါသည်။
မြို့လေးရဲ့ တည်နေရာပြီးတော့  လူတွေ ကကော… အင်မတန်ဘာသာရေး ကိုင်းရှိုင်းကြပြီး
ဗုဒ္ဓဘာသာသန့် ရှင်း နယ်မြေအဖြစ် ဂုဏ်ယူကြ၏။အင်မတန်လည်း အလုပ်ကြိုးစားကြ၏။
စုကြဆောင်းကြ၏။မြို့လေးက ကြီးလာပေပြီ။ပြီးမြို့လေးမှာ လူတွေ….လူတွေ ပေါလာကြပေပြီ။
ခေတ်ဆိုသောအရာနှင့် အတူလိုက်နိုင်ဖို့ ကြိုးစားနေတဲ့မြို့။အပျော်ပွဲတွေကို အင်မတန်ကြိုက်တဲ့မြို့။
စီးပွားရေး အပြိုင်အဆိုင်ကြိုးစားနေတဲ့မြို့။လှူဖို့ တန်းဖို့ ကြိုးစားပြီးစုဆောင်းနေတဲ့မြို့။လ္ဘက်ရည်ဆိုင်တွေ
မှာ လူတွေများတဲ့မြို့။အရက်ဆိုင်တွေ ပေါတဲ့မြို့။လမ်းတွေမှာကတ္တရာအပေါက်တွေဗလပွနဲ့ မြို့။ဈေးမှာ
ပါတ်လမ်းမရှိတဲ့မြို့။မြင်းလှည်းတွေ လျှောက်နေတဲ့မြို့။ပျံကျဈေးမှာ ဘယ်တော့မှ ဈေးမဆစ်လို့ 
မရတဲ့မြို့။ထွေးညို မိတ်ကပ်လူး သလို ချက်အရက်ကို ဘီအီးရောရောင်းတဲ့မြို့။အရက်ကောင်းဆို
အစစ်ရခဲတဲ့ မြို့။ကားဘီးဘယ်လောက် လှိမ့်လိုက်ရင် ငွေဘယ်လောက်ရတယ်ဆို တာလောက် ကို
တွတ်စက်မကူဘဲအလွတ်ရတဲ့မြို့။ကုန်တင်ကားတွေပေါတဲ့မြို့။ယောက်ျားသားတွေ ရွေအ၀တ်များတဲ့
မြို့။အတန်းပညာရေးကို အားပေးတဲ့မြို့။အပွင့်တွေကို သွားရေကျတတ် ၊ အမိဖမ်းတတ်တဲ့မြို့။
စေတီတွေမှာ ညဘက် ပုတီးစိတ်တတ်တဲ့ မြို့။ဘိုးတော်အားကိုး နဲ့ ရေနံတူးဖို့ စီရင်နေတဲ့ မြို့။
ဂျစ်ကားတွေနဲ့ ဇိမ်ခံပြီး လျှောက်လည်တတ်တဲ့မြို့။နိုင်ငံခြားဆို မလေး နဲ့ စက`်ာပူ
ထည်လဲသုံး အခေါက်ခေါက်ပြောနေတဲ့မြို့။ရွာတွေမှာထန်းတတ်ဖို့ ယောက်ျားတွေ
မလေးရှားရောက်သွားလို့ အဓိကထွက်ကုန် စံချိန်ကျခါနီးမြို့။မုန့်ဟင်းခါးဆို အရည်ပျော်မှကြိုက်တဲ့
မြို့။မုန့်  ဟင်းခါးဆိုင်တွေ မှာညနေဘက် ဗိုက်စည်းဇိမ်ခံနေရရင်ကျေနပ်နေတတ်တဲ့မြို့။အလှူဆိုလျင်
အလှည့် ကြီး ထည့်ရမှကျေနပ်တတ်တဲ့မြို့။အခြောက်ကို မုန်းပေတဲ့ အခြောက်အက တော့ ကြိုက်တဲ့မြို့။
မကျည်းဈေးကို အသေအချာတွတ်ချက်တတ်မှ လူရာဝင်တဲ့မြို့။ဘောလုံးပွဲအကြောင်းကောင်းကောင်း
သိမှ စကားဆန့် တဲ့မြို့။ကာလသားတွေ ကွမ်း အစားများတဲ့မြို့။ကွမ်းယာကောင်းတဲ့မြို့။လ္ဘက်ရည်
(ကျောက်ပန်းတောင်း) ချိုပြစ် ကြိုက်တဲ့မြို့။ ရန်ကုန်-မန္တလေးလမ်းပေါ်ကမြို့။ပုဂံညောင်ဦးနားကမြို့။
ကားဂိတ်တွေပေါတဲ့မြို့။ ပုပ္ပါးတောင်နားက မြို့။အများစု ၀က်သားရှောင်တဲ့မြို့။ဝက်သားဒုတ်ထိုးဆိုင် ၅ ဆိုင်လောက်ဘဲ ဖျစ်ဖျစ်မြည်ရှိတဲ့မြို့။အားလူးကြော်ကောင်းတဲ့မြို့။ရေသန့် ဆိုတာမနေ့ တစ်နေ့ ကမှ တွေ့ 
ပေမယ့် သူမဟုတ်ရင် အဖတ်မလုပ်တော့တဲ့မြို့။တရားစခန်းတွေ ပေါတဲ့မြို့။ဘုန်းကြီးကျောင်းတွေ ပေါတဲ့မြို့။
လူတွေ က အင်မတန်ရိုးတဲ့မြို့။အ၀တ်အထည် တွေဆို အသစ်အဆန်းမှ ဈေးကြီးမှ ကြိုက်တဲ့မြို့။ငွေတွေ ပေါတဲ့မြို့။ဆိုင်ကယ်စီးရတာကို ၀ါသနာပါတဲ့မြို့။ မီးတစ်ရက်ခြားလာတဲ့မြို့။လမ်းမီးတွေ ကျို့တို့ ကျဲတဲမြို့။ စာအုပ်ဆိုင်ရှားတဲ့မြို့။ရေရှားတဲ့မြို့။ မိုးနည်းတဲ့မြို့။တဖြည်းဖြည်းမဟုတ် တမဟုတ်ချင်းကြီးပြင်းလာတဲ့မြို့။
သင်္ကြန်ဆို ရက်အဆစ် တောင်းချင်တဲ့မြို့။ကွန်ပျူတာကို စိတ်ဝင်စားစပြုနေတဲ့ မြို့။အင်တာနက်ဆိုတာကြီးကို မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းသလို မှန်းစမ်း နေတဲ့မြို့။တယ်လီဖုန်း အ၀င်အထွက် ခတ်တဲ့မြို့။
ဘီဘီစီ၊ဗီအိုအေ၊အာအက်အေ ကြိုက်တဲ့မြို့။လူ့ ဘ၀မှာနိုင်ငံခြား ရောက်ဖူးမှ အဆင်ချောသလို တွတ်
တဲ့မြို့။ဗြိတိသျှလို နားမလည်ပေမယ့် ဗန်ဒိန်းကား ၊ဂျိန်းစပွန်းကားမှ ကြိုက်တဲ့မြို့။လူကဲခတ်ပြီး ဇတ်ကား
ကို နားလည်နေတဲ့မြို့။တရားတော်တွေကို ပါဠိလို နဲ့ ဗြိတိသျှလိုပြောမှ ကြိုက်တဲ့မြို့။
ရန်ကုန်၊မန္တလေးကို ရေအိုးရေမှုတ် သွားလာနေတဲ့မြို့။လူသေရင် သုဂတိရှင် ဆိုတဲ့ အသင်းက လိုက်ပို့ 
ပေးတဲ့မြို့။င်္သချိုင်း ၃ ခုရှိတဲ့မြို့။တစ်နေ့ ကို လူတစ်ယောက် အနည်းဆုံးသေနေတဲ့မြို့။သီတင်းကျွတ်ပြီးတာနဲ့  မင်္ဂလာဆောင်တွေ တန်းစီနေတဲ့မြို့။မင်္ဂလာဆောင်ခန်းမ တစ်ခုဘဲရှိတဲ့မြို့။ပလက်ဖောင်းပေါ်မှာ မော်တော်ဆိုင်ကယ်နဲ့ ဟွန်းတီးပြီး လမ်းလျှောက်တဲ့လူက ဖယ်ပေးရတဲ့မြို့။လမ်းတွေပေါ်မှာ
အဆင်သင့်သလို ကြည့်မောင်းရတဲ့ နားလည်မှု့မြို့။လမ်းဘေးမှာ ကိုက္ကိုပင်ကြီးတွေ ရှိတဲ့မြို့။
GTI ကျောင်းသူတွေ ချောတဲ့မြို့။ မြို့ခံမိန်းမလှတွေ အများစုက မိထ္ထီလာ ကျောင်းသွားတတ်ရင်း ကြင်ယာပါယူလာကြတဲ့မြို့။ ကားကွင်းမရှိတဲ့မြို့။ဆောင်းတွင်းဆို မတရားအေးတဲ့မြို့။မနက်ဆို
သာသနပါလခေါ်တဲ့ အသင်းက သံဃာတွေကို အာရုံဆွမ်းလောင်းတဲ့ အခါ တိုင်း ဘာသာရေးဆိုင်ရာ သီချင်းလေးတွေနဲ့ နွေးထွေးနေတဲ့မြို့။တရားပွဲတွေကို သာသနာ့ရက္ခိတ ခေါ်သာသနာတော် စောင့်ရှောက်ရေး အသင်းမှ ဦးစီး ပြီး ပြုလုပ်ပေးနေတဲ့မြို့။ကိုရီယားကား ကို မြို့လုံးကျွတ် မိန်းမသားတွေ ကြိုက်တဲ့မြို့။ ဇါတ်မင်းသားဖိုးချစ်ကို ကြိုက်တဲ့မြို့။အမျိုးသမီးများ တရားစခန်း၊တရားပွဲတွေ အသွားများတဲ့မြို့။သာရေးနာရေး လက်ညီတဲ့မြို့။ စည်းလုံးတဲ့မြို့။မီးရေးထင်းရေး ဆို ကူညီတတ်တဲ့မြို့။ကျောက်ပန်းတောင်းရောက်လျင် ဦးဖြူတဲမှ ထန်းရေကိုတော့ သတိရသည်။ခါချဉ်ထောင်းလေးနှင့်….ထန်ရေလိုက်ဖက်ပါဘိ။
ကျွန်တော့်သူငယ်ချင်းရဲ့ ကဗျာလေးပါ။
ကျောက်ပန်းတောင်း
ထန်းတောထဲက ပြေးထွက်လာတဲ့မြို့
နှုတ်ခမ်းနီ ပါးနီဆိုးထားတဲ့မြို့
ကမ္ဘာ့ ကွန်ယက်နဲ့ အနေဝေးဝေးကမြို့
ရာသီဥတုနဲ့ တသားတည်းကျတယ်။
ကျရည်စစ်စစ်မကြိုက်ပေမယ့်
ကျရည်ရောင်းဆိုင်တွေ ဟောတစ်ဆိုင်ဟောတစ်ဆိုင်
သားဖောက်အောင်မြင်တဲ့မြို့
ကွမ်းယာဆိုင်ဟာမြို့ရဲ့ အရေပြားရောဂါတစ်မျိုးဖြစ်တယ်။
နံနက်ချိန်ခါတေးသံသာကို မြို့လေးရဲ့ဆွမ်းလောင်းအသင်းကဖွင့်တယ်။
အခါရက်များဆို
မြို့လေးရဲ့ဈေးခမျာ ဖျစ်ဖျစ်မြည်လို့ 
သာရေးနာရေး ဘာသာရေးမှာ တတ်ညီလက်ညီရှိတယ်။
တဒိန်းဒိန်း တဒိုင်းဒိုင်းမြို့ဟာ
စက်ပြင်ဆရာရဲ့ လက်ဖြစ်တယ်။
အချိုလည်းကြိုက်တယ်။
ငါးရိုးတွေ ခေါင်းမှာညှပ်လို့ 
ဟန်ကြီး ပန်ကြီး လက်ပိုက်ကြီးနဲ့ 
ရင်ခွင်ထဲ ဘိလိယက်ခုံတွေ ထွေးပွေ့ ထားတဲ့မြို့
နှုတ်ခမ်းတသပ်သပ် ဗျစ်ရည်ဆိုင်က
အိပ်ရေးပျက်ပုံ စမုံစမွှားနဲ့ 
မမျှော်ရတဲ့ ဖောက်သည်အလာကို စောင့်တယ်။
အလိပ်အခေါက်များတဲ့မြို့
ဘက်ခမ်းရဲ့ ဖရီးကစ်ကိုသိပ်ကြိုက်တယ်တဲ့။
အနောက်မှာလေဘယ်လောက်ထန်ထန်
အိပ်ရေးမပျက်တဲ့မြို့ဟာ ဒီမြို့
ကမ္ဘာ့ ရွာကြီးဆိုတာ
ဘောလုံးသတင်းသာ အချိန်နှင့် အမျှမှန်ခြင်းလို့ 
လှေနံဓားထစ်သိထားတဲ့မြို့
မြို့လေးရဲ့ ယဉ်ကျေးမှု့က
လက်သွားရှိမှ လက်ပြန်ရှိခြင်းလို့ အဓိပ္ပါယ်ဖွင့်ထားတဲ့မြို့
ကြီးကောင်ဝင်စမြို့
သူ့ လက် ကိုင်ကိုဖွဖွလေးကိုင်ပြီး မောင်းထွက်သွားတယ်။
လူကိုချစ်တဲ့မြို့က လူကိုဖုန်နဲ့ နမ်းတယ်။
မြို့ကိုချစ်တဲ့ လူတွေက ဖုန်နဲ့ ဝေရာကို သွားတယ်။
ဒီလိုနဲ့ မြို့ဟာ ဖုန်ထူခဲ့တယ်။
မြို့လေးဟာနတ်တောင်ရင်းမှာမှေးမှီလို့ 
နို့ သက်ခံတယ်။
ဒီလိုနဲ့ တာယာဘီးတွေ ကြီးသထက်ကြီးလာတယ်။
ညညဆို
အလင်းရောင် ပါးကွက်ကြားကွက်ပြီး လမ်းသလားတယ်။
ဆိုင်ကယ်သံနဲ့ တည်ဆောက်ပြတယ်။
ဒီလို နဲ့ 
မြို့ဟာခေတ်ကို ခြေကလျှိုပြီးစကတ်တိုဝတ်ပြတယ်။
ဒေါက်ဖိနပ်စီးချင်တဲ့ မြို့ဟာ
စာသူငယ်ခဲမှန်ဖူးသလိုမျိုး
လမ်းကိုပဲ တသသကြည့်နေတယ်။
မောကြီး ပန်းကြီးမြို့
ညနေမှာ ဘ၀အမောတွေ ချိုင့်ထဲထည့်လို့ 
ချွေးစို့ စို့ အိပ်တန်းပျံတယ်။
ဒီလိုနဲ့ 
မြို့လေးဟာ သိပ်အရောင်တောက်ပြချင်နေတယ်။
ဒီလို နဲ့ 
မြို့လေးခမျာ သူ့ အလှကို အဖြူအစိမ်းဝတ်ပြီး
ခဲရာခဲဆစ် ဖန်တီးကြည့်နေတယ်။
ဒီလို နဲ့ 
မြို့လေးဟာ ရောင်နီလာအလှကို
တစ်ကိုယ်ရေ တစ်ကာယသမားတစ်ယောက်ရဲ့ လွတ်လပ်မှု့မျိုးနဲ့ 
စောင့်ကြည့်နေရရှာတယ်။
နေသွေးငယ်
Dec 12, 2007
ကျွန်တော်တို့ မြို့
Posted by
Phoe Lynn
at
6:43 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment