Oct 5, 2008

ကိုယ့်အတွေးနှင့်ကိုယ်

ကျွန်တော့်အတွတ် ဒီရက်ပိုင်းတွေမှာ အသစ်အသစ်တွေ အဖြစ်များလေရဲ့။ အချို့ဟာတွေကို ကြည်ကြည်သာသာ လက်ခံခဲ့ပေမဲ့…။ အချို့ကိုကျတော့ ခပ်တွန့် တွန့် ရယ်ဗျ။ ဒါပေတဲ့ ဖြစ်ခဲ့ကြတာဘဲလေ။ ကိုယ်မှ အစိုးမရတာကိုဘဲဗျာ။ လူတွေ လူတွေအများစု က သူတို့ အလုပ်အကိုင်လေးတွေ အစဉ်ပြေနေချိန်မှာတော့ သူတို့ မည်ကဲ့သို့ တော်ခဲ့ကြကြောင်း၊ ကြိုးစားခဲ့ကြကြောင်း ပြောလို့ မဆုံးအောင် ဖြစ်ကြသည်။ သူတို့ ကျဆုံးချိန် မရောက်မချင်းပေါ့။ အဲဗျာ…ကျဆုံးသွားခဲ့ပြန်တော့လည်း “ကံမရှိဥာဏ်ရှိတိုင်းမွဲတဲ့” ။ အတော်လေး ပြောတတ်ကြပါပေတယ်။ ကျွန်တော့်ကို အချို့က အလုပ်ဆိုတာ လုပ်နိုင်မှ အောင်မြင်မယ်ဟု တစ်မျိုး၊ ဇွဲ ၀ိရိယ လုံ့ လ ရှိမှ အောင်မြင်မယ်ဟု တစ်ဖုံ၊ ဥာဏ်သုံးမှ သက်သာမယ်၊ မြန်ဆန်မယ်ဟု တစ်သွယ် …အမျိုးမျိုး ထင်ကြေးနှင့် ပြောကြပါသည်။ ကျွန်တော်လည်း သူတို့ ပြောစကားများကို မှတ်သားရင်း ..မှတ်သားရင်း….ပုံအချို့ ရခဲ့ပါသည်။ ပြောပြပါအုံးမယ်။ ကြားဖူးပြီးသားဖြစ်လျင် သည်းခံပြီး ကျော်ဖတ်ပေးပါ။

၁။ လုပ်နေခြင်းသည် မလုပ်ခြင်းထက် မြှော်လင့်ချက်ရှိသည်။
တစ်ခါတုန်းကတဲ့…. ဖားလေးနှစ်ကောင်က ညကြီးမိုးချုပ် လျှောက်လည်ရင်း အိမ်တစ်အိမ်က နွားနို့ အိုးကြီးတစ်အိုးထဲကို ပြုတ်ကျသွားသတဲ့။ ဖားလေးတွေက ပျော်သွားတာပေါ့။ နွားနို့ ကို အ၀ သောက်လိုက်ကြတယ်တဲ့။ သူတို့ တွေက ဗိုက်ကားတဲ့ထိ ဇိမ်ယူသောက်ကြပြီးတော့မှ အပြင်ပြန်ထွက်ဖို့  ခက်နေတာကို သတိရသွားကြသတဲ့။ သူတို့ အားကုန်ခုန်ကြည့်တယ်။ အိုးက မြင့်နေတော့ ခုန်လို့  မမှီဘူး ဖြစ်နေရော။ ဗိုက်ကလည်း တအားပြည့်နေတော့ သိပ်လည်း မခုန်နိုင်တော့ဘူးထင်ပါ့။ သူတို့  အမျိုးမျိုး ကြိုးစားသော်လည်း အပေါက် ကို မမှီနိုင်ဘူး ဖြစ်နေတာပေါ့။ အဲ့လိုနဲ့ သူတို့ နှစ်ကောင် အိုးထဲက နွားနို့ တွေထဲမှာ ဘဲ ကူးခတ်နေကြရတယ်တဲ့။ ကူးရင်း၊ကူးရင်းနဲ့ တစ်ကောင်းက တွေးမိသတဲ့….ငါတို့ အခုလို ကူးနေလဲ မနက်ကျ သေမှာဘဲ။ အပြင်ရောက်အောင် ခုန်ဖို့ ကျလည်း မဖြစ်နိုင်ဘူး။ မနက်ကျ အိမ်ရှင်က မသတ်ဘူးဘဲ ထားအုံး…မနက်ထိတော့ ဘယ်ဖားမှ မကူးနိုင်ဘူး…. ကြွက်တတ်ပြီး သေမှာဘဲလို့ တဲ့။ ဒီတော့ အပင်ပန်းခံပြီး ကူးမနေတော့ဘူး… အပင်ပန်းမခံဘဲ အေးအေးဆေးဆေး သေမယ်လို့  တွေးပြီး နွားနို့တွေ တ၀ကြီး သောက်ရင်း အသေခံသွားသတဲ့။ နောက်တစ်ကောင်ကတော့ ဆက်ကူးနေ သတဲ့။ ညနက်လာတော့ အအေးဓါတ်ပိုလာပြီး.. နွားနို့ တွေ က ခဲလာပြီး ဖားလေး ခြေတောက်နဲ့ ထောက်ခုန်လို့  ရလာတယ်။ သူလည်း ထောက်ပြီး ခုန်ရင်းက အိုးကြီး နှုတ်ခမ်းကို ရောက်ပြီး အသက်ချမ်းသာရာရသတဲ့နော်။ လုပ်နိုင်မှ ရမယ်ဆိုတဲ့လူတွေရဲ့ အပြောများတဲ့ ပုံပြင်လေးပါ။

၂။ ဥာဏ်နှင့် ချင့်ချိန်ပါ။
တစ်ခါတုန်းကတဲ့…. တံငါသည်တစ်ယောက်က ငါဖမ်းရင်း ငါးလေးသုံးကောင်ကို မိသတဲ့။ ငါးတစ်ကောင်ကတော့ အမိခံရသည် ဖြစ်သည်နှင့် တပြိုင်နက် အားကုန်ရုန်းကန်ပြီး ခုန်နေသတဲ့။ ခုန်နေရင်လွတ်မလားဆိုတဲ့ အတွေးနဲ့ ရှိပေမပေါ့။ အဲ့တော့ တံငါသည်က ဒီငါးကွာ ဆိုပြီး ပဲ့နှင့် ရိုက်လိုက်ရာ ပွဲချင်းပြီး သေလေသည်တဲ့။ နောက်တစ်ကောင်ကတော့ သူ့ ရှေ့က နမူနာနှင့် မခုန်ရဲတော့ဘဲ ကံကိုပုံချပြီး အများနည်းတူ တံငါသည် လက်ထဲရောက်တဲ့ ငါးတွေ သွားရာ ဟင်းအိုးကိုဘဲ မှန်းဆငိုခြင်းချနေသတဲ့။
နောက်ကျန်တဲ့ငါးကတော့ … စဉ်းစားတယ်တဲ့။ ငါ..အခုနေ ထခုန်ရင် အသက်ခံရမယ်။ ဘာလုပ်ရမလဲ ….ဘာလုပ်ရမလဲ..စဉ်းစားရင်း …အကြံရတော့ သေဟန်ဆောင်နေသတဲ့။ တံငါသည်ကလည်း ငါးသေတွေကို လှေနံပေါ် စိတ်ချလက်ချ တင်လိုက်တော့ သေဟန်ဆောင်တဲ့ငါးက ရေထဲခုန်ဆင်းပြီး အသက်ဘေးက လွတ်သွားသတဲ့။ ဥာဏ်သာလျင် ဦးဆောင်တယ်ဆိုတဲ့ လူတွေရဲ့ ပုံပြင်လေးပါ။

၃။ ဇွဲရှိရှိလုပ်မှ အောင်မြင်မယ်
တခါတုန်းကတဲ့ ….တက္ကသိုလ်ဆရာကြီးတစ်ယောက်ရှိသတဲ့။ ဆရာကြီးဆီမှာ တအားတော်တဲ့ ကျောင်းသားရှိသလို တအားညံ့တဲ့ကျောင်းသားလည်း ရှိပြန်တယ်။ တော်တဲ့ကျောင်းသားကျ သူ လိုက်နိုင် သလောက်ကို ဆရာစားမချန်ပြပြီး ညံ့တဲ့ကျောင်းသားကျ စာသင်နှစ်တစ်ခုလုံး အိုးဖုတ်နည်းတစ်ခုဘဲ သင်ပေးလိုက်သတဲ့။ စာသင်နှစ်ပြီးလို့  ကျောင်းသားတွေက ကိုယ့်နယ်ကိုယ်ပြန်ပြီး ဆရာသင်ပေးလိုက်တဲ့ ပညာရပ်တွေနဲ့  အသက်မွေး ကြသတဲ့။ နောက်…. နှစ်တွေကြာလာတော့ စာတော်တဲ့ကျောင်းသားက ဆရာကြီးဆီပြန်လာပြီး ကြေးတမ်းတိုက်သတဲ့။ စာတော်တဲ့ ကျောင်းသားကျ ကြီးပွားနည်း မပေးဘဲ၊ စာအညံ့ဆုံးကျမှ ကြီးပွားနည်းကို ပေးလိုက်တယ်လို့ ဆိုတယ်တဲ့။ အိုဖုတ်နည်းဘဲသင်ပေးလို့ ရတဲ့ ကျောင်းသားက သူ့ နယ်မှာ အင်မတန်ကြီးပွားတဲ့ သူကြွယ်ဖြစ်နေလို့ ပေါ့။ သူကကျတော့ ဆရာကြီးဆီက ပညာအားလုံးလောက်နီးနီး ရထားတာကိုလေ။ အဲ့မှာ ဆရာကြီးက သူ့ ကို ကြီးပွားနည်းပြမည်ဆိုပြီး ၀ါရုံတော တစ်ခုထဲ ခေါ်သွားသတဲ့။ ၀ါးတောထဲလည်းရောက်ရော သူ့ ကို ၀ါးပင်ပေါ်တတ်ခိုင်းသတဲ့။ သူလည်း ၀ါးပင်ထိပ်ရောက်ရော…ဆရာကြီးက ၀ါးပင်ကို အောက်ကနေ လှုပ်သတဲ့။ သူလည်း ဒီအပင်လှုပ်တော့ နောက်တစ်ပင်ကူး…နောက်ထပ်လှုပ်တော့ နောက်တစ်ပင်ကူး။ အဲ့သလိုနဲ့ ဆရာကြီးက သူကူးသမျှဝါးပင်တွေကို လိုက်ပြီး လှုပ်နေသတဲ့။ နောက်ဆုံးတော့ သူလည်း ၀ါးတောထဲက အကြီးဆုံးဝါးပင်းကို ရှာပြီးဖက်ထားလိုက်တော့ သတဲ့။ အသေအချာပေါ့။ ဆရာကြီးကလည်း လိုက်ပြီးလှုပ်လို့ မောသွားတော့….သူ့ ကို ဆင်းခိုင်းလိုက်သတဲ့။ အဲ့မှာ သူက စိတ်တိုတိုနဲ့ ဆရာကြီးကို ပြောတယ်။ ကြီးပွားနည်းပြမယ်လို့ ပြောပြီးတော့ ၀ါးတောထဲမှာ သေကြောင်းကြံတယ်ပေါ့။ ဆရာကြီးက ပြောတယ်။ ၀ါတောထဲက ဥပမာယူပါတဲ့။ ဒီအလုပ်မကြိုက်၊နောက်က အလုပ် အတိုက်အခိုက်ပေါလို့ ၊ နောက်တစ်ခုက စိတ်မပါလို့ ဆိုပြီး ပြောင်းနေမယ်ဆိုရင်တော့ မပြီးတော့ဘူးတဲ့။ မကြီးပွားတော့ဘူးတဲ့။ တစ်ခုဆိုတစ်ခု ဇွဲနှင့်လုပ်နိုင်မှ ကြီးပွားမယ်တဲ့။ အကြီဆုံး ၀ါးပင်ကို ဖက်ထားသလို အလုပ်တစ်ခုကိုလည်း ဖက်ထားရမယ်တဲ့။ အချို့တွေရဲ့ ပုံပြင်လေးပါ။
ထိုကိစ္စနှင့်ပတ်သတ်ပြီး ဆရာကြီးတစ်ယောက်က သူ့ ဥပမာပေးခဲ့ဘူးပါသည်။ သူပြောစဉ်ကတော့ ဗြိကြိသျှလို အစအဆုံးဖြစ်သော်လည်း ကျွန်တော်၏ အင်မတန်ညံ့သော စာလုံးပေါင်းမှားယွင်းမှု့ကို ရှောင်သောအား ဖြင့် ဗမာလိုဘဲ ပြောပြမယ်ဗျာ။ လိမ့်နေသောကျောက်တုံးသည် ရေညှိ မစုမိဘူးတဲ့။ ဟုတ်ပေသော်လည်း ဘယ်တော့မှ ချောမွေ့ တောက်ပြောင်လာမှာ မဟုတ်ဘူးတဲ့။ လိမ့်နေသော ကျောက်တုံးသည် လှည့်လည်ရောက်ရင်း ပတ်ဝန်းကျင်နှင့် ပွတ်တိုက်ရင်း ချောမွေ့ လာသည်။
တစ်နေရာတည်းမှာ ငြိမ်နေသောကျောက်တုံးသည်တော့ ဘယ်မျှမရောက် ဘာကိုမျှမတွေ့ ။ ရေညှိတွေ စုနေသည်။ ရေညှိတွေရသော်လည်း ချောမွေ့ တောက်ပြောင်ခြင်းကို မရ။ လူတို့ တွင်လည်း အလုပ်တစ်ခု မှတစ်ခုသို့ ပြောင်းရွေ့ရန် သတ္တိမရှိသောကြောင့် ကိုယ်ရှိတာလေး ကိုယ်ပိုင်တာလေးကို ပွတ်သတ်ရင်း နေသွားကြသူများ ရှိသလို ဘ၀ဆိုတာကို လှုပ်ရှား ပြောင်းရွေ့ ရန် ၀န်မလေးသူတွေ ကလည်း ဘ၀မျိုးစုံ၊ လူမျိုးစုံ ဘ၀မျိုးစုံကို သတိရှိရှိ၊ သတ္တိရှိရှိ နေနိုင်သွားတယ်တဲ့။ ကဲ ...ဘယ်ဘ၀ကို ရွေးမလဲတဲ့။ နွားခြေရာခွက်ထဲက ဖားလေးလုပ်မလား။ ပင်လယ်ထဲက ငါးတစ်ကောင်လုပ်မလားတဲ့။ သူမေးခွန်းတွေကို ကျွန်တော် တမ်းပြီးမဖြေမိ။
ကျွန်တော် ရောသောဖောသော ပြန်ပြီး ရယ်ပြနေမိခဲ့သည်။ အချို့ကိစ္စတွေက ကြေကြေညက်ညက် မ၀ါးမိမှ သွားမကျိုး မှာကိုလေနော်။ နောက်ပုံလေးတစ်ခု ပြောအုံးမယ်။

၎။လက်ခံနိုင်ခြင်း
တစ်ခါတုန်ကတဲ့….။ မောင်ကံရယ်၊ မောင်ဥာဏ်ရယ်၊ မောင်ဝိရိယရယ်ဆိုပြီး သူငယ်ချင်း သုံးယောက်ရှိသတဲ့။ မောင်ကံလေးကတော့ ဘာဘဲဖြစ်လာဖြစ်လာ ငါကောင်းဖို့  ဖြစ်လာတာလို့ တွေးလေးရှိပြီး ကျေနပ်နေတယ်။ မောင်ဥာဏ်ကတော့ အရာတွေကို ဥာဏ်နှင့် ရယူရတယ်လို့ တွေးသလို မောင်ဝိရိယကတော့ လုပ်နေမှ.. ဆက်လုပ်နေမှ ရမယ်လို့  တွေးသတဲ့။ အဲ့လိုနဲ့ နေလာခဲ့ကြတာ…နေလာခဲ့ကြတာ… သူတို့ လေးတွေ ကြီးလားတော့ မောင်ဥာဏ်နှင့် မောင်ဝိရိယကတော့ ကုန်သည်ပွဲစား တွေ ဖြစ်လာကြပြီး မောင်ကံမှာတော့ ဘာမျှ မယ်မယ်ရရ မရှိဖြစ်နေသတဲ့။ အဲ့တော့လည်း မောင်ကံက အချုပ်အနှောင် ကင်းတယ်လို့ တွေးပြီး သူ့ ကိုယ်သူ ကျေနပ်နေသတဲ့။ သူ့ မိဘများကတော့ မကျေနပ်ဘူးပေါ့။ မောင်ကံ ရဲ့မိဘများက မောင်ကံကို သူငယ်ချင်းတွေဆီ တပည့်ခံဖို့ လွှတ်လိုက်သတဲ့။ အဲ့တော့လည်း မောင်ကံလေးက ပညာရဖို့ လို့ တွေးပြီး ကျေနပ်နေပြန်သတဲ့။
မောင်ဥာဏ်နှင့် မောင်ဝိရိယတို့ က တိုင်းပြည်တစ်ခုကို ကုန်ကူးဖို့ သွားရာတွင် မောင်ကံ ကိုတောက်တိုမယ်ရ တပည့်အဖြစ် ခပ်နှိမ်နှိမ် ခေါ်လာခဲ့ကြသတဲ့။ လမ်းခရီးတွင် သဲမုန်တိုင်း မိရာမှာလည်း မောင်ကံကို ဂရုမစိုက်ဘဲ ပစ်ထားပြီး ထွက်လာကြသတဲ့။ မောင်ကံလည်း ကန္တာရ ထဲမှာ တစ်ယောက်တည်း ဖြစ်နေသတဲ့ ။ အဲ့တော့လည်း လျှောက်လည်မှာပေါ့လို့ တွေးပြီး လျှောက်သွားရင်း ကျေနပ်နေသတဲ့။ သွားရင်း သွားရင်းနဲ့ ရေကန်တစ်ကန်ကို တွေ့ သတဲ့။ သူလည်း အားရ ၀မ်းသာနဲ့  ရေကန်ထဲ ဆင်းပြီး ရေချိုးရော…
သူ့ ကိုယ်တစ်ကိုယ်လုံး အမွှေးတွေ ပေါက်လာပြီး မျောက်တစ်ကောင်အဖြစ်ပြောင်းသွားသတဲ့။ သူလည်း အံ့သြ သွားပြီး လူ့ ဘ၀ နေရတာကြာလှပြီ ။ မျောက်ဘ၀ တလှည့် နေရတာပေါ့လို့  တွေးပြီး စိတ်ဖြေလိုက်သတဲ့။ သူလည်း ရေကန်ထဲက ရေကြည်တွေကို အိုးနဲ့ ထည့်ပြီး ထမ်းလာသတဲ့။ မျောက်ဘ၀နဲ့  ဟိုသွား သည်သွားပေါ့။ သွားရင်းနဲ့  ရေအိုင်တစ်အိုင် တွေ့ ပြန်သတဲ့ မောင်ကံလေးက အိုင်တွေ့ တိုင်း ခြေမဆေးပေမယ့် ပါလာတဲ့ ရေအိုးလေးချပြီး ရေချိုးသတဲ့။ ရေတွေ က အယင်တုန်းက တွေ့ တဲ့ အိုင်ထဲက ရေတွေလို ကြည်လင်မနေဘူးတဲ့။ သူလည်း ချိုးပြီးတော့ သူကိုယ်သူ အမွှေးတွေ ပျောက်ပြီး အယင်လို လူဘ၀ ပြန်ရနေတာကို တွေ့ ရသတဲ့။ အဲ့တော့လည်း လူဘ၀ဆိုတော့ ရှာဖွေ စားသောက်ရတာ ပိုလွယ်တာပေါ့လို့ တွေးရင်း ရေကန်ထဲက ရေကို အိုးတစ်လုံးနဲ့ ခပ်လာပြီးဆက်လျှောက်လာသတဲ့။ သွားရင်းသွားရင်းနဲ့ မြို့တစ်မြို့ ကို တွေ့ တော့ မြို့ ထဲဝင်ပြီး မောမောနှင့် ဇရပ်ထဲမှာ ခဏ လှဲနေသတဲ့။ အဲ့အချိန်မှာဘဲ လူတစ်ယောက်က ရေးကြီးသုတ်ပြာနဲ့  ဇရပ်ဘေးက ဖြတ်သွားပြီး မောင်ကံဘေးက ရေကြည်အိုးလေးကို ယူပြီး ထွက်သွားသတဲ့။ မောင်ကံလေးကတော့ အိပ်နေတော့ မသိလိုက်ဘူးပေါ့။ နိုးတော့မှ သူ့ ရေကြည်အိုးလေး မရှိတော့တာ သိတော့တယ်။ သူနိုးနိုးချင်းဘဲ မြို့ထဲမှာ လိုက်ပြီး အော်တဲ့အသံကို ကြားသတဲ့။ ဘုရင်ကြီးရဲ့ သမီးလေးသည် ရုတ်ချည်း မျောက်တစ်ကောင် ကဲ့သို့  အမွှေးများ ထူထဲစွာ ပေါက်လာပါသဖြင့် ကုသပေးနိုင်ပါက မင်းသမီးလေးနှင့် လက်ဆပ်ပေးပြီး အိမ်ရှေ့ရာထူးပါ ပေးမည်ဖြစ်ကြောင်း ။ မောင်ကံလည်း သူ့  ရေကြည်အိုးလေး လေး ပျောက်သွားရပုံကို ဇတ်ရည်လည်လာပြီး မင်းသမီးလေးကို နောက်ရေအိုးလေးနဲ့  ရေချိုးခိုင်းလိုက်သတဲ့။ ဖြစ်ပုံက မင်းသမီးလေး ရဲ့အဖော်က မင်းသမီးလေး ရေချိုးဖို့ ရာ အလွယ်ရသောအိုးကို အမြန်ယူပေးရင်း ဖြစ်ခဲ့ရလေသည်တဲ့။ မည်သို့ ဖြစ်စေ မောင်ကံလေးကတော့ မင်းသမီးလေးနှင့်ညားပြီးသကာလ.. အိမ်ရှေ့မင်းဖြစ်လေသတည်းတဲ့။
ကျွန်တော်တော့ ထိုပုံပြင်လေးအား သဘောကျပါသည်။ မောင်ကံလေးကဲ့သို့  ကျွန်တော်တို့ အိမ်ရှေ့မင်းသားဖြစ်ချင်မှ ဖြစ်မှာပါ။ နို့ ပေတဲ့ ရောက်ရာဘ၀ကို ကျေနပ်လက်ခံနိုင်ခြင်းက လူကို သက်သာ စေတယ်လို့ ကျွန်တော် ထင်ပါတယ်။ မကျေနပ်တော့ရော ကျွန်တော်တို့  ပြုပြင်လို့ ရလို့ လား။ကိုယ့် ခံယူချက်ကို သေဆုံးစေသည်အထိ မထိခိုက်သည်ဖြစ်လျင် ခံယူနေရုံမျှသာ။
ကျွန်တော့်ကို လူတစ်ယောက်က ပြောပြဖူးပါတယ်။ လူတွေက ဘ၀ဆိုတာကို ကိုယ်တိုင် ဖန်တီး ယူရတာလား။ ဖန်တီး ပြီးသာ ဘ၀တွေထဲမှာ နေနေရတာလားတဲ့။
မည်သို့ ဖြေရမည် ကျွန်တော်မသိပါ။ အစွန်းမလွတ်သော အမေးဖြစ်သည်လို့ တော့ ထင်မိပါသည်။
တစ်ခါက လူတစ်ယောက်က ကျွန်တော့်ကို မေးဖူးပါသည်။ လုပ်သင့်တာနှင့် လုပ်ချင်တာ ဘာကို လုပ်မလဲတဲ့။ ကျွန်တော် တွေသွားရပါသည်။ အသေအချာ စဉ်းစားကြည့်ပြီး တစ်လုံးချင်းပြန်ဖြေမိသည်။ လုပ်နေတာကို ဘဲ ဆက်လုပ်မယ်လို့ ။ သူကတော့ ကျွန်တော့်ကို မကျေနပ်။ ကျွန်တော် ရှင်းပြမိသည်။ ကျွန်တော် လုပ်သင့်ပါလျက် မလုပ်ခဲ့မိတာတွေက အများကြီးရှိခဲ့ပြီးသလို ၊ လုပ်ချင်ပါရဲ့ မလုပ်ခဲ့ရခြင်း၊ မလုပ်ချင်ပါလျက် လုပ်နေခဲ့ရခြင်း၊ မလုပ်သင့်ပါလျက် လုပ်နေခဲ့မိခြင်းတွေ များခဲ့လှပြီ ဖြစ်သောကြောင့် အဘယ်အတွတ် ပိုင်းခြားဖို့  စဉ်းစား နေသနည်း။ ပိုင်းခြားထားတော့ကော လုပ်လို့ ရပြီတဲ့လားပေါ့။
ကျွန်တော် စဉ်းစားမိသော တစ်ပိုင်းတစ်စပါ။

ခပ်လှမ်းလှမ်းက ပန်း

ရွေးမြဲရွေးမိခဲ့တဲ့ငါ အလွန်းနေတာလား။
လည်လွန်းနေတာလား။
တစ်ခုလိုချင်ရင်တစ်ခုပေးရတယ်တဲ့။
လိုချင်ခဲ့တာတွေကို ရက်စွဲတွေက လုံးခြေပြီးလွှင့်ပစ်တယ်။
ပေးဖို့လက်တွေက စွံ့ အကျန်ခဲ့လေရဲ့။
အပြင်းအထန်ဆိုတာကို
အသက်အရွယ်က ကြေညက်အောင်စားသောက်ပြစ်ပြီ။
ပေးသောလက်နဲ့ ယူသောလက်ကို
စွပ်ပြုပ်လုပ်သောက်ပါတဲ့။
ဘောလုံးနဲ့ကစားသမား ဘယ်သူက အမှန်တကယ် ကစားနေတာလဲ။
ကိုယ်ကချည် ကစားလို့မရနိုင်တာသိပါတယ်။
ဒါပေတဲ့အမြဲတမ်း သူများကစားတာကိုတော့မခံနိုင်ဘူး။
စုထားမိတဲ့ချောကလက်တွေ ခွေးကျွေးပြစ်မယ်သိလား။
အို....လောကကြီးရယ်
ငါဖို့မနက်ဖြန်တိုင်းမှာ
သေဆုံးခြင်းကို မှတ်မှတ်ရရ ထည့်ပေးပါ။
ခံစားချက်ဆိုတာကို ကိုယ်တိုင်ချက်ပြုတ်ရတာ မသက်သာလှပါဘူးဗျာ။
အချဉ်ထုပ်နဲ့လဲစားခွင့်ပြုပါ။
ဘယ်လိုဘဲဖြစ်ဖြစ်ပါ
ခံယူချက်သံစဉ်တွေကိုတော့ သေဆုံးခွင့်မပေးနိုင်ဘူး။
အတုမဲ့ ဓါးတစ်လက်ရယ်၊ ကခုန်နေတဲ့ ဗုံတစ်လုံးရယ်ဆို
ငါ့ဖို့ထပ်တောင်းဆိုစရာမရှိတော့ပါဘူး။
ဖိုးလင်း

No comments:

javascript:void(0); Save Template