Dec 2, 2008

ကျွန်တော်နှင့် ဓါတ်ပုံနေရာ ပြဿနာ

အမှန်အားဖြင့် ... ကျွန်တော်သည် ဓါတ်ပုံ ရိုက်လေ့ ရိုက်ထ မရှိခဲ့ပါ။ လူမှန်း မသိတတ်စ အချိန်မှ ယခုထိ ပုံပေါင်း 40 ကျော်ထက်ပိုပြီး မရှိခဲ့။ ဘွဲ့ ယူတော့ ကျောင်းက ဓါတ်ပုံ မရိုက် မနေရ ရိုက်ပေးပါသည်။ မရိုက်တော့ ပါဟု ချွေတာခွင့် မရှိ။ ငွေ သွင်း ရသည်။ အိမ်အပြန်တွင် သူငယ်ချင်း တစ်ယောက်က ဓါတ်ပုံတိုက်တစ်ခုတွင် ထပ်ရိုက်ဖို့ ရာ အဖော်ညှိသဖြင့် ... ကိုယ့်ရုပ် ကိုလည်း ပြန်ကြည့်လျင် အတော်လေး ခန့် ပေလိမ့်ဟု ထင်မိသဖြင့် သွားမိခဲ့။ ဓါတ်ပုံ နှစ်ပုံ ရ ခဲ့။ ထိုနှစ်ပုံထဲမှ တစ်ပုံကို အသိ တစ်ယောက်မှ အဖိုးအခ မယူပါဘဲ ပုံကြီးချဲ့  ပေးသည်။ ကျွန်တော်လည်း ထိုထို အလကား ရသော ပုံကို ဘယ်နေရာတွင် ထားရမည် မသိရင်း....ကျွန်တော့်အခန်း ချောင်ကျသောနေရာ တစ်ခုကို သဘော ကျခဲ့သည်။ ထိုနေရာလေး ကား ဧည့်သည် များလာလျင် ခင်းပေး သော ဖျာများကို လိပ်ပြီး ထားသောနေရာ။ အတော်ပေတည်း။ အတော်လေး လည်း ချောင်ကျလှသည်။ တော်ရုံ အချိန်များတွင် ဖျားများက ကွယ်ထားသည်။ ဧည့်သည်များ လာလျင်တော့ ဖျာထုပ်ခင်းလျင် စပ်စုသော သူတွေ မြင်ပေလိမ့်။ ထိုမှသာ ကျွန်တော့်ကို မသိသူများက ဘွဲ့ ရပညာတတ် တစ်ယောက် အဖြစ် အထင်ကြီးကြ ပေမည်။ ကျွန်တော်သည် ရုပ်အင်မတန် နုလွန်း နေသဖြင့်လော.... အဆိုးအပေ နှစ်ရှည်သမား ဟု တထစ်ချ မှတ်ပြီး သော်လည်ကောင်း ကျွန်တော့်ကို ကျောင်း မပြီးသေးသဖြင့် ရန်ကုန်တွင် နေနေသည်ဟု အချို့က ထင်ကြသည်။ ကျွန်တော့် အတွတ် ထိုပုံလေးသည် အသုံးဝင်လှသည်။ ပြစရာ တစ်ခုတော့ ရှိထားတာပေါ့လေနော်။

ကျွန်တော့်ဆီကို အချို့ သူငယ်ချင်းများနှင့် ခင်မင်သူအချို့ အလည်လာကြသည်။ သူတို့ မေးနေကျ စကား တစ်ခွန်း ကား ဘာလုပ်နေသနည်းတဲ့။ ကျွန်တော့်မှာ အသံထွက်ပြီး ပြုံးပြရလောက်အောင် တုံ့ ပြန်မှု့ ပြုရသည်။ အတိတ်မေ့ သယောင် ယောင် ၊ ရွှေပျောက် သယောင်ယောင် ဆိုသော စကားကို အခုမှ နားလည်း မိတော့သည်။ သူတို့ အများစု မျက်စောင်း ထိုးသည် က အခန်ထဲမှ တစ်နေရာတွင် ချိတ်ထားသော ဘွဲ့ ပုံ ဆီသို့ ။ ထိုပုံကို မြင်သူတွေကတော့ ကျွန်တော့်ကို ဘွဲ့ ရ တစ်ယောက်မှန်း သိကြသည်။ သို့ သော် ထိုဝတ်စုံကို တော့ မသိသူက များပါသည်။ အချို့ စပ်စုသည်။ ဘာနဲ့ ကျောင်းပြီးတာလဲတဲ့။ ကျွန်တော် မချိပြုံး ပြုံးရင်း... လက်ဆယ်ချောင်း ထောင် ပြီး လှုပ်ပြသည်။ ပြီးတော့မှ ပါးစပ်နှင့်ပြောသည်။ ကွန်ပျူတာနဲ့ ပါလို့ ။ အချို့ က နိုင်ငံခြား ထွက်ဖို့  ပြောသည်။ ကျွန်တော်လည်း အမိနိုင်ငံတော်ကြီးကို ချစ်သည်လို့ ပြော သည်။ အချို့ကလည်း စပ်စုသည်။ သူတို့  ဘာတွေပြောသည်ကို ကျွန်တော် မသိပါ။ သူတို့ သိထားသော နည်းပညာကိစ္စတွေကို မေးကြသည်။ ကျွန်တော် ရူးချင် ယောင်ဆောင် နေသည်။ ဟုတ်သည်ဘဲ။ ကျောင်းပြီးတာ 2003 ကဆိုတော့ ခြောက်နှစ်လောက် ကွန်ပျူတာ ဆိုသောအရာနှင့် ဝေးခဲ့ပြီးပြီ။ ကျွန်တော် ဘယ်ပြောနိုင်တော့မလဲနော်။ သူတို့  ပြောသည်များကိုလည်း နားမလည် တော့ပါ။(အယင်ကလည်း မသိခဲ့ပါ)။ မချိပြုံး ဆိုတာကို အသက်ဝင်ဝင် မြင်ချင်လျင် ရှေ့တွင် မှန် ထောင်ထားပြီး ကြည့်လျင် ကောင်းပေလိမ့်။ ထိုပုံသည် ကျွန်တော့်ကို ဒုက္ခပေးချေပြီ။ ကျွန်တော် စိတ်မရှည်သည့် အဆုံး...ဘာလုပ် ရမည်နည်း။ ကိုယ့်ကို အပေအတေ တစ်ယောက် အနေနှင့် အမြင်ခံရ သည်ကိုတော့ မခံနိုင်။ ထိုပုံကို မြင်မှသာ ဘွဲ့ ရ တစ်ယောက်အဖြစ် လေးလေးစားစား ဆက်ဆံခံရသည်ဟု အထင် ရောက်မိသဖြင့် ထိုပုံကိုတော့ မဖြုတ်ပစ်လို။ ဘာလုပ်ရမည် နည်။

တစ်နေ့ က မူးမူးနှင့် အိပ်နေတုန်း အိပ်မက်ဆိုး မက်သည်။ အိပ်မပျော် တော့။ ငုတ်တုတ် ထိုင်နေရင်း... လက် ကလိမိသည်။ ကျွန်တော့်၏ တစ်ခုတည်းသော အနှောက်အယှက်...ဘွဲ့ ပုံသည် နှုတ်ခမ်းမွှေး... မုတ်ဆိတ် မွှေးတို့ နှင့် ခန့် ညား သွားသည်။ marker ဖြင့် ပုံပေါ်တွင် ကလိမိခြင်းဖြစ်သည်။ ခန့် ခန့် ကြီး ဆိုလျင်...လူတွေ အထင်ကြီး ပြီး စာတွေ မေးနေလျင် ဒုက္ခဟု နောက် ရက်တွေကြာလာမှ သတိထားမိခဲ့ သဖြင့် ထိုခန့် ညားလှသော ကျွန်တော့် ပုံပေါ်တွင် ထပ်မံ မွန်းမံမှု့ ပြုရသည်။ ပါးကွက်နှင့် နှာတံနှင့် နဖူးဝိုင်းနှင့်...ပြုံးစပ်စပ်မျက်နှာနှင့် ဖြစ်သွားပေပြီ။ ထိုပုံသည်တော့ မဆိုးလှ။ ကျွန်တော့်ဆီ အလည်လာ သော အမျိုးကောင်းသမီးများက ပြုံးတုံ့ တုံ့  ၀င်းဦးနှင့် ခပ်ဆင်ဆင် ဖြစ်နေပါတော့သည်ဟု သတ်မှတ် ကြလေသည်။ ရံဖန်ရံခါ ထိုပုံလေးသည် ပလာစတာ အဖြူနှင့် နှုတ်ပိတ်ခြင်းခံရသည်။

ကျွန်တော်သည် အချို့ကို စကားကောင်း မပြောဖြစ်တော့ပါ။ သူတို့ က ဘဲ ရစ်သလော ..ကျွန်တော်ကဘဲ ဘုကျ သလော...။ ကျောင်းတွေတတ် ၊ ဘွဲ့ တွေရ... ပြီးတော့ ဇော်ဂျီ ဒုတ်ထောက် လမ်းလျောက်ကြ..။ ဘွဲ့ ရသည်။ မရသည်က ဘာဆိုင်သနည်း။ ကျွန်တော် ပြောမိသည်။ ရတဲ့ ဘွဲ့ နှင့် လုပ်ကိုင် စားပါလား ဆိုတော့လည်း ... တတ်တာလေးက မတောက် တခေါက်...။ အဲ့လိုဆို အပြင်က အလုပ် လုပ်ပါ့လား ဆိုပြန်တော့လည်း ... ဘွဲ့ ရကြီးမို့  ဈေးမရောင်းချင်ပါတဲ့။ ကို့ လို့ ကန့် 

လန့် ။ ဘယ်သို့  စခန်း သွားမည်နည်း။ အမှန်ပြောရလျင် ကျွန်တော်သည်တော့ နဂိုတည်းကတိုင် ရသောဘွဲ့ နှင့် သက်ဆိုင် သော အလုပ်ကို လုပ်မည်ဟု စဉ်းစား ထားခြင်း မရှိသဖြင့်  ကျွန်တော်နှင့် တော့ မသက်ဆိုင်ပါ။ မည်သို့ ပင်ဖြစ်စေ ကျွန်တော် သည် အခုအချိန်တွင် အချို့လူရစ်များအား မေးလာလျင် ဆယ်တန်း အောင်ပြီး အချစ်သင်တန်း တတ်နေကြောင်း နှင့်သာ အဆုံးသတ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ကျွန်တော့် ဘွဲ့ ပုံလည်း မလိုတော့ပြီ။ ကျွန်တော် ဖြုတ်လိုက်သည်။ နှစ်ဖက်ကပ်တိတ်နှင့် သာ ကပ်ထားပါသဖြင့် သိပ်မခက်လှ။ နောက်တော့ကော... ထိုပုံကို ဘယ်နေရာ ထားမည်နည်း။ အဲ့မှာလည်း ဒုက္ခ။ လွှင့်ပစ် မည်လော။ မလုပ်ရက်သေးပါ။ သေတ္တာထဲ သိမ်းမည်လော။ မဖြစ်သေးပါ။ မတော်လျင် မှိုတတ် သွားနိုင်သည်။ နဂိုနေရာလေး တွင် ပြန်ထားမည်လော။ မဖြစ်သေး။ ပြန်ဖြေရသော ဒုက္ခ ကြီးလှ၏။ ဘယ်နေရာ ထားရမည် နည်း။ ကျွန်တော့်ကို နားလည်သော လူများကိုလည်း မြင်စေချင်သေးသည်။ နောက်ဆုံး တွင် ကျွန်တော် နေရာတစ်ခု ရလိုက်သည်။ စာကြည့်စားပွဲပေါ်တွင် မှောက်လျက် ဖိထား လိုက်သည်။ ကဲ..ဘယ်သို့ တတ်နိုင် အုံးမည်နည်း။ တစ်ကိုယ်တည်း ကြုံးဝါးမိသည်။ ကျွန်တော့်ကဲ့သို့ ဒုက္ခများမှ ကင်းဝေးကြပါစေ။

နို့ တဲ့ သတိချပ်စရာ တစ်ခုကား... ကျွန်တော်တို့ ပြည်တွင် ကွန်ပျူတာနှင့် ပြီးသည်ဟု ပြောမိသည်နှင့် အားလုံးနှင့် သက်ဆိုင်သည်ဟု ထင်မှတ်ပြီး သူတို့  ကြားဖူး နားဝ အားလုံးကို မေးတတ်ကြလေသည်။ ကိုယ့်အနေ နှင့် မဖြေနိုင်လျင်ကား ကိုယ့်ကို ခိုးချ ဘွဲ့ ရသူတစ်ယောက်အဖြစ် အထင်သေးတတ်သည်။ ပြီးတော့လည်း မမြင် ကွယ်ရာ တွင် ကျောင်းပြီးတယ်သာဆိုတယ် ဘာမျှလည်း မတတ်ပါဘူးကွာ..လို့ ဆိုတတ် ကြသေး သည်။ ထိုနေရာတွင် ကွန်ပျူတာဂျာနယ်နှင့် အင်တာနက်ဂျာနယ် များ၏ လက်ချက်များ လည်း မကင်းလှပါ။ ထိုထိုများကို ဖတ်ပြီး အကြောင်းစုံ မေးလာတတ်ပါသဖြင့် ကိုယ့်အနေ နှင့်...မည်သို့ ရှောင်ရမည်ကို ကြိုတင်စဉ်းစားထားရ ပေမည်။ တစ်ခါက ကြုံဖူးပါသည်။ လူတစ်ယောက်က ထိုသို့ မေးမြန်းလာပြီး ... မျက်လုံးအစုံဖြင့် အထင်သေးစွာ ကြည့်ခြင်း၊ သရော်ပြုံးပြုံးခြင်းကို ခံခဲ့ရဖူးပါသည်။ ကျွန်တော် ကလည်း ဘယ်ခံပါ့မလဲ။ ကျွန်တော့်ဆီ မှာ ရှိတဲ့ အထူဆုံး စာအုပ် တစ်အုပ်ကို လိုက်ရှာတာပေါ့။ စာအုပ်ကိုယူပြီး ...ဒါက ခင်ဗျား သိထားတဲ့..ခင်ဗျား လုပ်နေတဲ့ ကွန်ပျူတာ ဆိုတဲ့အထဲက အပိုင် နည်းငယ်အကြောင်းကို ရေးထားတာ ပါပေါ့..ကျွန်တော် မသိတဲ့ဟာတွေကို လျောက်ပြောပြီး ဒီစာအုပ်ကို ဖတ်ကြည့်ပါ။ ဖတ်ပြီးမှ ဆက်ဆွေးနွေး တာပေါ့။ ဖတ်လို့  အဆင်မပြေရင် ခေါင်းအုံးအိပ်။ ခို့ လို့ ခုလု ဖြစ်ရင် ဆက်မအိပ်နဲ့ တော့။ ပြန်ပေးပါလို့ ။ ပြန်တွယ်လိုက်သည်။ သူသည် နယ်တွင် ကိုယ်ဖာသာကိုယ် ဖတ်လို့  ရသော ဂျာနယ်များအားကိုးနှင့် ကွန်ပျူတာ ပြင်သည်လို့ အိမ်ရှေ့တွင် ဆိုင်းဘုတ် ချိတ်ထားသူ တစ်ယောက် ဖြစ်ပါသည်။ သူ့ အနေနှင့် ကွန်ပျူတာနှင့် ပတ်သတ်ပြီး အားလုံးလောက်နီးနီးကို ပိုင်ပိုင်နိုင်နိုင် သိမြင်သူ တစ်ယောက်အဖြစ်လည်း သတ်မှတ်လေဟန်ရှိလေ၏။

Oct 6, 2008

ကျွန်တော်နဲ့ တော့ မဆိုင်ဘူးနော်

ကျွန်တော်နဲ့ တော့ မဆိုင်ဘူးနော်။ ကြိုပြောတာပါ။ပြောပြမယ်။ကျွန်တော် ကျောင်းတတ်တုန်းက ကျွန်တော်
တို့ ကျောင်းစားသောက်ဆိုင် တစ်ခုမှာ ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး အမြဲထိုင်လေ့ရှိပါတယ်။ဆိုင်ရှင်တွေ က ဆိုင်မှာ ဘဲ အိပ် ဆိုင်မှာဘဲစား။ကျွန်တော်တို့ နှင့် အတော်လေး ရင်းနှီး ပါတယ်။သူ တို့ မှာ ၅-၆ နှစ်လောက် ကလေး လေးတစ်ယောက်ရှိပါတယ်။ကျွန်တော်တို့ က ကျောင်းတတ်လာရင် အဲ့ဆိုင်မှာ ဘဲ စု ၊အဲ့ဆိုင်မှာ ဘဲ စား၊ အဲ့ဆိုင်မှာဘဲ စကားပြော။အတန်းထဲ သိပ်ဝင်ဖြစ်တယ်လို့ မရှိပေမယ့် ကျောင်းရောက်ရင် အဲ့ဆိုင်ကို တော့ ရောက်ရပါတယ်။မုန့် လေးပါလာရင် ကလေးကို ကျွေး။ကလေးကလည်းချစ်စရာလေး။အဖေ၊အမေ က သိပ်ချော
လှသည်မဟုတ်ပေမယ့် ကလေးကကျ အတော်လေး ချစ်စရာကောင်းလောက်အောင် လှသည်။
ကြည်တောက်နေသော မျက်ဝန်း၊သွယ်လှ ကျနသော မျက်နှာကျ၊ ဖြောင့်စင်းသော နှာတံနှင့် အဆင်ပြေပြေ လှ ပါဘိ။ကျွန်တော်တို့ ရောက်ရင် လည်း အားကြီး သိ။ကျွန်တော်တို့ ဝိုင်း နားမှာဘဲနေလေ့ရှိပါတယ်။သူငယ်ချင်း
တစ်ယောက်က မုန့် ကျွေးရင်း ပြောတတ်တဲ့ စကားကို သတိရမိတယ်။ကျွန်တော်တို့  ကလေးကို မုန့် လေးတွေ
ပေးတဲ့အခါတွေမှာ
….ကိုကြီးကိုချစ်လား၊ဦးဦးကို ချစ်လား….ပေါ့။ ကလေးက ပြန်ဖြေတယ်။ ချစ်တယ်။ ချစ်တယ် တဲ့။ အဲ့မှာ သူငယ်ချင်းတစ်ယောက် ပြောတယ်။ အေးနော် ညည်းကြီးတော့ရင် လည်း သည်လို ဘဲပြောရမှာနော်တဲ့။
ကျွန်တော် စဉ်းစားတယ်။ သူပြောတာကို…။ ကျွန်တော် တို့ က အဲ့အချိန်တုန်းက ၂၂-၂၃ ။
ဘယ့်နှယ့်….. ကလေးလေးကိုပေါ့။
သည်လို….သည်လို နေလာရင်း….. ကျွန်တော် ကျောင်းပြီးလို့ ..နှစ်တွေကြာ။ ကျောင်းမှာကလည်း ကျွန်တော်က ကျောင်းမမှန်။ ပိုး မလို့ စဉ်းစားလိုက် သူများနောက် ပါသွားလိုက်။ အဲ့သလို ဖြစ်ပြီးသကာလ လို့ ဆိုရ
မလားဘဲ။ ယနေ့ အထိ…..။ ပြောတော့ ဦးလေးတစ်ယောက် ပြောဖူးတာသတိရမိတယ်။ ငါ့မှာကလေ..ကျောင်းမှာ
ကျတော့ ငါ့ကို မြို့ကြီးသူများက ရွာသားဆိုပြီး အလေးမရှိ၊ ရွာပြန်ရောက်တော့လည်း မြို့ကြီးမှာ ကျောင်းတတ်နေတဲ့
မြို့သား လူလည် တစ်ပိုင်းဖြစ်သွားပြီ ဆိုပြီး ရွာက ကောင်မလေးတွေက စကားမပြောရဲ ၊မယုံရဲ တဲ့။
ကျွန်တော်လည်း……။
တစ်ခါတုန်းက ဦးလေးပြောဖူးတာ သတိရမိတယ်။ သူတို့ အရွယ်(၄၀ကျော် ၅၀ နားကပ်)လူပျိုကြီး တွေ
တစ်နေ့ စုထိုင်နေတုန်း…။ တစ်ယောက်က ကလေးမလေး ခပ်လှလှတစ်ယောက်ကို ငေရင်း…နေသတဲ့။
ကျန်တဲ့ လူတွေကိုလည်းပြောရင်း…။ အဲ့တော့ကျန်တဲ့လူတွေက မင့်နှယ် ကလေးလေးပါကွာ လို့ ပြောရော။
အဲ့လူက ဘာပြန်ပြောသလဲဆိုတော့ ကလေး ကလေးနဲ့ တစ်နေ့ ကျ မင့်လို ယောက်ျား ရင့်မကြီး အသဲ ကို
ထက်ခြမ်းခွဲ ၊မျက်ရည် တောက်တောက် ကျအောင်လုပ်နိုင်တဲ့ တစ်ယောက် ဖြစ်သွားနိုင်တယ်တဲ့။ ကျွန်တော်လည်း အခုကျစဉ်းစားခန်းဝင် နေရပါပြီ။ ပိုးတုံးလုံးဘ၀တုန်း က အသဲယားစရာပေမယ့်လိပ်ပြာလေး ဘ၀ ကျ စွဲစရာ အရောင်အဆင်းတွေနဲ့ ပါလား ဆိုတာကိုလည်း ဆင်ခြင်မိပါရဲ့။ ရွယ်တူတွေက အိမ်တောင်ကျ သားတွေ ၊ သမီးတွေမွေး။ တစ်နေ့ ကတောင် သူငယ်ချင်း တစ်ယောက် က မင်း ငါ့ကို ကန်တော့နေရဦးမယ်တဲ့။ ကျွန်တော် နာမလည် တဲ့ဟန် ရှိတော့ သူက ပြောတယ်။ ငါ့က သမီးရှင်လေတဲ့။သူ့ သမီး က အခုမှ ၂-၃ နှစ်ထဲ။ငါ့ကို အဲ့လောက်နေမယ် များထင်နေ လားလို့ ကျွန်တော်ပြန်ပြောတာပေါ့။ ဆိုလိုတာက သေဖို့ 
နီးပါပြီလို့ ပါ။ ကျန်တာတွေးမရှိ။ တကယ်ပါ။
သူငယ်ချင်းများ ဖတ်ပြီး ဆဲနိုင်ကြပါစေ။

သီတင်းကျွတ် လက်ဆောင်

ဒေါ်ဒေါ်..မမ...ဦးဦး...ကိုကို....တို့ နှင့် ညီငယ်၊ညီမငယ်လေးတို့ ဖို့  သီတင်းကျွတ် လက်ဆောင်
မြင်မိသည်တို့ ကို စာစီမိခြင်းမျှသာဖြစ်ပါသည်။ လွန်တာရှိရင်တော့ တောင်းပန်ပါရဲ့

မိုးရွာနေသည်
မိုးကရွာတော့ ရွာလိမ့်မယ်။
အို....ဒီနားလေး ခဏဘဲကို။ မလွတ်လည်း နီးရာ ၀င်ခိုနေမှာပေါ့။ ဘာရယ်မဟုတ်ဘဲ တွေးလို့သာတွေးရတယ်။ အစီအစဉ်က ရှိပြီးသား။
(တစ်) စာအုပ် ၀င်အပ်မယ်။
(နှစ်) စိတ်ကြိုက်တွေ့ ရင် ထပ်ငှားမယ်။
(သုံး) ပြီးတော့ မြောက်ဘက် မျက်စောင်းထိုးက လ္ဘက်ရည်ဆိုင်မှာ အချိန်ဖြုန်းမယ်။ (မိုးရွာခဲ့ရင် မိုးခိုရင်းပေါ့။)
ကဲ...လုပ်နေကျ အစီအစဉ်တွေရှိရဲ့သားနဲ့ ဘာလို့ လျှောက်ပြီးတွေးနေရတာလဲ။ အချိန်ကုန်တယ်။ လွယ်အိတ်ထဲက ထီးကို ထုတ်ခဲ့ပြီး အခန်းတံခါးကို ခပ်သွက်သွက်ပိတ်ကာ လှေကားအတိုင်းပြေးဆင်းလာမိသည်။
တအိန်အိန်အော်လျက် ၀ရုန်းသုန်းကားပြေးတတ်လာသောကြံဆုံ။ ကျွန်တော့်ကောင်ကြီး ဘာဖြစ်လို့ ပါလိမ့်။ ဒီကောင်က အင်မတန်ငြိမ်တဲ့ကောင်။ ခင်လည်းခင်တတ်ပါရဲ့။ ကိုက်ဖို့ ဝေးစွ။ ယောင်လို့ တောင်မဟောင်။ နို့ တဲ့... အခုပြေးတာတဲ့ ပုံက အတော်လေး နာနာကျင်ကျင် ပြေးတတ်လာပုံ။ ဘယ်သို့ ဖြစ်သနည်း။ ခွေးချင်းကိုက်လို့ လား။ မဟုတ်တန်ပါ။ ဗလကောင်း သလောက်လည်း အားကြီး သည်းခံတယ်။ သူ့ ဆိုလမ်းထဲ လူရော ခွေးရောက ချစ်ကြတာ။ လမ်းထဲမှာ သူ့ ကို ယှဉ်ကိုက်ဖို့ ရာ ခွေးတစ်ကောင်းမျှ မရှိ။ ကျွန်တော် ဇဝေဇ၀ါ ဆက်ဆင်းလာရာ...။
ဟော...တွေ့ ပါပြီ။ တရာခံ လက်သည်။ မြေညီထပ်က မိန်းမကြီး။ ဒုတ်တစ်ချောင်းကိုင်လို့  တရူးရူး ဒေါသထွက်နေလေရဲ့။
" လမ်းဘေး ချီးစားခွေး၊ အလကားခွေး၊ ခွေစုတ်"
ကျွန်တော် လှေကားကွေ့ အဆင်း မျက်နှာချင်းဆိုင်တွင်ဖြစ်သဖြင့် ဆင်းစ ခြေလှမ်းတုံ့သွားမိသည်။
" မောင်ရင့်ခွေးကြည့်ထိန်းနော်။ မဟုတ်ရင်တော့ မပြောမရှိနဲ့ "
" ဗျာ...ဗျာ..အန်တီဘာကို ပြောတာလဲမသိဘူး"
ကျွန်တော် ကတယ် မသိရိုးအမှန်ပါ။ သူဆိုလိုတာက ကြံဆုံကိုရယ်။ ဒါပေတဲ့ ကြံဆုံက ကျွန်တော့်ခွေးမဟုတ်။ ဘယ်သူ မွေးထားမှန်းလည်း ကျွန်တော်မသိ။ ဒီကောင်က ကြုံရာတွင်အိပ် ပြီး ကြုံရာလူက ကျွေးသည်ကို စားသည်။ ကျွန်တော်လည်း ကျွေးသည်။ ကျွန်တော်သိတာ ဒါအကုန်ဘဲ။ မိန်းမကြီးက ကျွန်တော့်ကို မျက်စောင်းထိုးပြီး ထွက်သွားသည်။ ဒီကောင်ကြံဆုံ မီးဖိုချောင်ထဲ ၀င်စားလို့ လား။ အို....ငါနဲ့ မှမဆိုင်တာ။ လူကိုများ ဘာမဆိုင် ညာမဆိုင်။ နေနှင့်အုံး။ နောက်မှ ပြောရအုံးမယ်။ စဉ်းစားရင်း ဆင်းလာရာ မြေကြီးပေါ် ခြေချမိရုံရှိသေး မိန်းမကြီးက သူ့ ခွေးအား အခန်းထဲ ဆွဲထည့်ပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။ ဘယ်တည်းက နောက်က လိုက်လာသည် မသိရသော ကြံဆုံသည် ကျွန်တော့်ကို ကျော်၍ နောက်ပြန်လှည့်ကာ မြှီးနှုန့်ပြနေသေးသည်။

"ဟိတ်ကောင်၊ ကြံဆုံ..မင်း ဒီအိမ်က ခွေးနဲ့ ကိုက်တာလား"

ကျွန်တော်မေးသည်ကို ကြံဆုံက အဓိပ္ပါယ် သိဟန်မတူ။ မာန်ဖီခြင်း မရှိ။ အမြီးနှုန့်လျက်။ ကျွန်တော် ပြန်ပြုံး ပြလိုက်သည်။

"ညဥ့်ခွေးကိုကြိုးနဲ့ ချည်နော်။ လမ်းထွက်တာ ငါမကြိုက်ဘူး။ လမ်းထဲ ခွေလေခွေးလွင့်က ပေါပါဘိနဲ ။့"

မိန်းမကြီးအခန်းထဲ တွင် အော်နေသည်။ မိန်းမကြီးနှယ်ဆိုးလိုက်တာ။ ကြံဆုံ ကတော့ စမကိုက်လောက်ပါဘူး။ သူ့ ခွေးက စကိုက်တာရှိမှာပါ။ အတွေးထဲ၌ ရှိသော်လည်း...နေနှင့် အုံးပေါ့၊ နောက်မှတွေ့ တာပေါ့။ မြေညီခန်းကို မကြည်ကြည့် တစ်ချက် ကြည့် လိုက်သည်။ မိုးဖွဲလေးများပင် ကျလာချေပြီ။ လက်ထဲက စာအုပ်က ရေစိုလို့ မဖြစ်။ ကျွန်တော် စာအုပ်ဆိုင်သို့ အပြေးလေး လှမ်းလာခဲ့သည်။ လမ်းတောင့်ချိုးတစ်နေရာအရောက်....။

" အယ်"

ကောင်မလေး သုံးယောက်။ အပြေးတစ်ပိုင်းနှင့်။ ညာစွန်မှ ကောင်မလေးနှင့် တိုက်မိသည်။ သူတို့ လည်း ပြေး။ ကိုယ်လည်း ပြေးမို့ မပြောသာ။ နို့ တဲ့ လူကိုပင် လှည့် မကြည့် ဘဲ ထွက်သွားကြသည်။ ရန်ကုန်သူတွေလုပ်ပြီး မိုးကြောက်လိုက်တာလည်း လွန်ပါရော။ ကျွန်တော်လည်း ကြည့်မနေတော့ဘဲ ထွက်လာခဲ့သည်။ ပြီးတော့မှ စဉ်းစားမိသည်။ သူတို့ မှာက ထီးတွေ နဲ့ ဘဲ။ ကျွန်တော်လည်း ခပ်သုတ်သုတ်ဆက်လျှောက်လာရာ.....တစ်နေရာမှာ အဖြေပေါ်လေပြီ။ မတင်မကျ ကြံဆုံကြီး ကိစ္စပါ တစ်တွဲတည်း ပါလာခဲ့ပါပြီ။ တော်သလင်း ရောက်ပြီလား မသိဘူး။ ကျွန်တော် တစ်ယောက်တည်း ပြုံးနေမိသည်။ စာအုပ်ဆိုင်ထဲ ၀င်မိတော့ မိုးက အတော် သည်းနေပေပြီ။

"ဦးလေးရေ...မနေ့ ကတည်းက အပ်မလို့ ဟာ မပြီးသေးတာနဲ့ မအပ်ဖြစ်သေးတာ နှစ်ရက်ပေါ့နော်"
"အေး...မင်းလာမလားလို့ မျှော်နေသေးတယ်...လာရင်လည်း သိပ်မမှောင်စေနဲ့ နော် ဒီလမ်းက ခွေး အားကြီးပေါ။ သောင်းကျန်းတာလည်း လွန်ရောဘဲ"

"သူ့ ရာသီကို ဦးလေးရ....ဘာတဲ့
ကြောင် …ပြာသို
ငါး … ၀ါဆို
ခွေး …တော်သလင်း
လူ …မသေမချင်း .....လို့ ဆိုတာကိုလေနော်"

ကျွန်တော်အရွန်းဖောက်လိုက်သည်။

"အောင်မယ် တတ်တယ်။ မသေမချင်ဆိုတဲ့လူကြီး ...သူဖြင့် မစွံဘဲနဲ့ "

"အချိန်မကျသေးလို့ ပါ ဦးလေးရာ..ကြည့်နေပါ...သိပ်မကြာတော့ပါဘူး"

ကျွန်တော့်မှာ ကြည့်နေပါဟု မာန်တင်းပြီး ပြောမိသော်လည်း အရည်အချင်းကို မယုံ။ ကိုယ့်ဘာသာကိုယ် မလုံ။

"ဒီစာအုပ် ဖတ်ပြီးပြီလား။ နောက်ဆုံးထွက်တာ ကောင်းတယ်.ဖတ်မလား"

ဦးလေးကြီးက စာအုပ်ပုံထဲမှ တစ်အုပ်ကိုထုတ်ပြသည်။ ကျွန်တော်မဖတ်ရသေး။

"ဒါဘဲယူသွားမယ်။ မှတ်ပေးပါ ဦးလေး။"

ဦးလေးကြီးက စာအုပ်ကိုမှတ်ပြီး ပြန်ပေးသည်။ ကျွန်တော်က အယင်စာအုပ် ငှားခဖိုး ရှင်းပြီး ဆိုင်မှအထွက်တွင် ဦးလေးကြီးက လှမ်းအော်သည်။

"ဟေ့..ဟေ့ ..မင့်မလဲထီးမပါဘူးလား"

"ကဗျာ ကယာဆိုတော့ မေ့လာလို့ ပါ။ ဒီနားလေးဘဲ။ ပြေးလိုက်လည်းရပါတယ်"

"ရန်ကုန်မှာက ထီးအမြဲဆောင်ရတယ်။ ငါ့ထီးယူသွား။ ပြီးမှပြန်လာပေး။ ဟုတ်လား။ "

"နေပါစေ ဦးလေးရယ်…ပြေးလိုက်ပါ့မယ်။"

"စာအုပ်လေးလည်း အားနာပါအုံးလေကွာ…နော်။ "

ထိုမှပင် ကျွန်တော် ဦးလေးကြီးကို ပြန်ပြုံပြရင်း

"အဲ့လိုဆို ကျွန်တော် ဒီမှာ ခဏနေအုံးမယ်။ မိုးစဲမှ သွားမယ်လေ"

ပြောပြောနှင့်ပင် ခွေးခြေခုံ တစ်ခုကို ယူထိုင်ပြီး ဆေးပေါ့လိပ်ဖွာရင်း စာအုပ်ကိုဖွင့် လိုက်သည်။

"ကဲ…ကြည့် လွန်ကို လွန်တယ်။"

ဦးလေးကြီးက စကားမစပ်….ဘာကိုပြောသနည်း။ ကျွန်တော့်ကိုလားမသိ။ ကျွန်တော် မော့ကြည့်မိသည်။ သည်တော့မှ
ဦးလေးကြီးက

" ခွေးတွေနှယ် မိုးရွာကြီးတောင်ကွာနော်"

ဘေးဘီပတ်ကြည့်မိတော့ ဘာမျှ မတွေ့ ။ လ္ဘက်ရည်ဆိုင်ထဲ အလျိုလျို ၀င်နေသောလူများသာ။

"မတွေ့ ပါဘူး ဦးလေးရ "

" ဟိုမှာကွာ။ အနောက်ဘက်မှာ "

သြော်ဟုတ်ပါရဲ့။ အနောက်ဘက် ခပ်လှမ်းလှမ်းမှာ ခွေတစ်အုပ် အလုပ်ရှုပ်နေလေရဲ့။ သြော် ...ဟု ပြောမိသော်လည်း မသိမသာ သက်ပြင်းချရင်း "မိုးရွာကြီးတောင်ကွာနော်" ဆိုသည့် စကားကို အထပ်ထပ် စဉ်းစားနေမိသည်။ မိုးရွာရင် လ္ဘက်ရည်ဆိုင်မှာ
မိုးဝင်ခိုရင်း …… ဆိုပြီး စဉ်းစားပြီး ထီမယူလာမိသော ကျွန်တော့်ကိုယ် ကျွန်တော် ကြက်သီး ထမိသည်။ မိုးကလည်း သည်းတော့မယောင်။ လ္ဘက်ရည်ဆိုင်မှ မိုးကာများ ချပေးနေပေပြီ။ သည်လိုဆိုရင်ဖြင့် နေရာ ရတော့မည် မဟုတ်။ အမြန်သွားပြီး နေရာဦးမှ တော်ပေတော့မည်။

"ဦးလေးရေ မိုးကလည်း မတိတ်နိုင်ဘူးနော်။ ကျွန်တော် ဟိုဘက်နား အရေးတကြီး သွားစရာ ရှိသေးလို့ ။ စာအုပ် ခဏထားခဲ့မယ်နော်။ အပြန်မှ ၀င်ယူတော့မယ်နော် ။"

ကျွန်တော်သည် ဦးလေးကြီး ပြန်ဖြေသည်ကိုပင် မစောင့်တော့ဘဲ သုတ်ခနဲ ပြေထွက်လာမိသည်။ လ္ဘက်ရည်ဆိုင် ရောက်တော့ ကျွန်တော် ထိုင်နေကျ နေရာလေးက လူမဦးသေး။ အသင့်ပင် ထိုနေရာလေးတွင် ထိုင်လိုက်သည်။

"အစ်ကိုကြီး ပုံမှန်ဘဲလား "

စားပွဲထိုးကောင်လေးက မေးသည်ကို ပြန်ပြုံးပြရင် ခေါင်းအသာငြိတ်ပြလိုက်သည်။ သူတို့ သိသည်ဘဲ။ ကျွန်တော့် အတွတ်က ကျစိမ့် နှင့် စီးကရက်တစ်ပွဲ။ စီးကရက် တစ်ပွဲ လာချပေးပြီး ကောင်းလေးက အတော်နှင့် ပြန်ပေါ် မလာတော့။ ကိစ္စမရှိ။ ရေနွေးကြမ်းနှင့် စီးကရက်လည်း လိုက်တာဘဲကိုလေ။ လက်ထဲမှ ရေစိုနေသော ဆေးပေါ့လိပ်ကို လွင့်ပစ်ပြီး စီးကရက်ကို မီးညှိသည်။ ကောင်းလိုက်တာလေ။ မိုးအေးအေး။ ရေနွေး တစ်ခွက်နှင့် စီးကရက် တရှိုက်။ စိတ်ရော လူပါ လန်းသွားရသည်။ ကျွန်တော့်၏ သွေးလည်ပတ်စီးဆင်းမှု့သည်လည်း သီးချင်းသံ တီးလုံးနှင့်အတူ ကောင်တာဒေါင့်ဆီသို့  လမ်းလျှောက်လာသော မိန်းကလေးနှင့်တွဲ ၍ စည်းချက် ခုန်နေလေသည်။ လှလိုက်တာ ကောင်မလေးရယ်။ ကျက်သရေ ရှိလိုက်တာ။ ကျွန်တော့် စိတ်အစဉ်သည် ခေတ္တမျှ မူးမေ့သွားလေသည်။
ကျွတ်စိစိ ပြောသံများနှင့် အတူ မထိတထိ ရယ်သံမျာက ကျွန်တော့်နားထဲသို့ ကလိ၍ ၀င်ရောက်လာသည်။
ကောင်မလေးရယ်…..မင့်အကြောင်းတွေကို အဲ့ကောင်တွေ မဟုတ်မက လျှောက်ပြောနေတာ သိလား။ အလကားကောင်တွေ။ သူတို့  ပြောနေတာများလေး …စုံလို့ ….အို …စုံလို့ ။ သူတို့ မို့ ပြောရက်တယ်ကွာ။
အို ..ဘာဖြစ်လဲ။ လူတွေကတော့ ဒီလိုဘဲ ပြောနေကြမှာဘဲ။ ဘာဂရုစိုက်စရာ ရှိတုန်းလေနော်။ မဟုတ်ရင် ပြီးတာဘဲလေနော်။ အဲ….ဟုတ်ခဲ့ရင်ကော….။ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးနေမိသည်။ ကျွန်တော် မစဉ်းစားမိသေး၊ မပြောတတ်သေးပါ။ ဘာဖြစ်လဲလေ…။ ကျွန်တော်သက်ပြင်းချရင်း ကောင်မလေးရှိရာ ကောင်းတာဒေါင့်ဆီသို့  ကြည့်မိသည်။
ကောင်းမလေက အဲ့နားလေးမှာ ထိုင်လိုက်ရင် တအားလှတာ သိလား။ ဘေးက မီးစိမ်းလေးတွေနဲ့  ကိုယ့်အမြင်ထဲမှာတော့ မင့်လေးက နတ်သမီးလေး တစ်ပါးပါကွာ။ အိပ်မက်တိုင်းမှာ စိုးမိုးနေတဲ့ စေတစ်လုံးပိုင်ရှင် လှဧကရီလေး တစ်ပါးပါကွာ။ ဆံပင်လေးတွေကလည်း ပျော့ပြီး အိနေမှာဘဲနော်။ ရှေ့မှာ ကျနေတဲ့ ဆံပင်လေးတွေကလည်း သူ့ အလိုလို ကပိုကယို ကျနေတာ ဖြစ်ပေမယ့် ကိုယ့်စိတ်ထဲမှာတော့ ဘယ်လို ဆွဲဆောင်မှု့ ရှိနေမှန်းမသိဘူး။ မဟာနဖူးကလည်း ထင်းနေတာဘဲသိလား။ ဇင်ယော်မျက်ခုံး ဆိုတာတော့ ကြားဖူးပါရဲ့။ ခုံးမျက်စ သုံးရက်လဆို တာလည်း တွေးကြည့်ဖူးပါရဲ့။ ကိုယ်သာဆိုရင်လေ မျက်ခုံး တွေအားလုံးထဲမှာ မင်းလေးမျက်ခုံးက အလှဆုံးလို့ ပြောမှာဘဲ သိလား။ ကြည်လဲ့နေတဲ့ မျက်ဝန်းတစ်စုံနဲ့ မျက်ခုံး တစ်စုံမှာ ကိုယ်အတွတ်တော့ ဆွဲဆောင်မှု့ အစုံရှိနေလေရဲ့။ နှာတံ ၊ နှုတ်ခမ်းနဲ့  မျက်နှာကျတွေကိုပါ ဆက်တွဲပြောပြမယ် ဆိုရင် ပပ၀တီတော့ ငိုမှာဘဲ သိလား။
ပြီးတော့လေ ကောင်းမလေးကို ကိုယ့်ဘာသာ နာမည်ပေးထားတာ ရှိတယ်။ “မရာတီတဲ့”။ အမရာနဲ့ ပပ၀တီကို ရောထားတာလေ။ မင်းကတော့ ဘာကြီးမှန်းမသိဘူး လို့ ပြောမှာဘဲမဟုတ်လား။ မင်းမကြိုက်ရင် မခေါ်ပါဘူး။ မင်းအတွတ် ကိုယ့်ရင်ထဲက စကားတွေပါ။ ကိုယ့်ရင် ထဲက မင်းအတွတ် သီးသန့် နာမည်လေးပါ။ ဘယ်လိုဘဲဖြစ်ဖြစ် မင်းလေးကတော့ ကိုယ့်အတွတ် မရာတီလေးပါကွာ။

"ပြန်မယ်ပြန်မယ်။ အိပ်ချင်ပြီ။"

ကောင်းမလေး၏ မောင်လေးက ဂျစ်တိုက်နေသည်။ ဒီကောင်းလေးက လူဆိုးလေး။ သူ့ အစ်မနားကပ်ပြီး တဂျစ်ဂျစ်။
ထိုအခါမှ ကျွန်တော်လည်း စိတ်နှင့်ကိုယ် ကပ်မိတော့သည်။ ဘယ်အချိန်က လာချသွားသည် မသိရသော လ္ဘက်ရည်ခွက် ရောက်နေချေပြီ။ လ္ဘက်ရည်ကို မွှေပြီးသောက်လိုက်သည်။ ကောင်မလေးက ပြုံးနေသယောင်။ အရသာရှိလိုက်တဲ့ လ္ဘက်ရည်။

" ကလေးက ပြန်ချင်နေတာ ပြန်ပို့ လိုက်။ မှောင်နေပြီ။ ညဉ်းလည်း ပြန်တော့"

သူ့ အဖေကြီး ၏ သြဇာသံ။ ပြီးတော့ အဖေ( သူ့ အဖေ) က ကျွန်တော့်ကို ကြည့်ပြီး မျက်နှာလွှဲသွားသည်။ ကျွန်တော်လည်း ပျာယီးပျာယာ ဘာလုပ်မိသည်မသိ။ ခွက်ထဲမှ လ္ဘက်ရည်နှင့် စာပွဲပေါ် အရုပ်ဆွဲနေမိသည်။ ကောင်းမလေးက သူ့ မောင်လေးကို ဆွဲပြီး ထွက်သွားသည်။ သူ့ အဖေကွယ်တွင် ကျွန်တော့်ကို ပြုံးပြသွားသည် ထင်မိသည်။ အဟုတ်ပင်လော။ ထင်ခြင်းပင်လော။ မည်သို့  ပင်ဖြစ်စေ ကျွန်တော်ပျော်ပါသည်။
စားပွဲထိုးကောင်လေးက ကျွန်တော့်နားရောက်နေပါပြီ။ သူတို့ သိသည်ဘဲ။ ကောင်မလေးပြန်လျင် ကျွန်တော်လည်း ပြန်တတ်သည်ကို။ ငွေရှင်းလိုက်သည်။ ဆိုင်မှ ထွက်လာမိသည်။ မိုးမတိတ်သေး ။ မသည်း ရုံလေးရွာနေသည်။ ကျွန်တော့်တွင် ထီးမပါ။ ကျွန်တော်မသိ။ ဆက်လျှောက်နေမိသည်။ စာအုပ်ဆိုင်ရှေ့ရောက်မှ စာအုပ် ၀င်ယူဖို့ သတိရသည်။
ထားလိုက်တော့ နောက်နေ့ မှ ယူတော့မည်။
လမ်းထဲ ချိုးဝင်လိုက်သည်။ လမ်းထဲမှ ခွေးအသီးသီး သင့်ရာအရိပ်အောက်မှာ ကွေးကုန်ကြပြီ။ အိမ်ရှေ့ရောက်တော့
မောင်ကြံဆုံက ငုတ်တုတ်ရယ်။ မိုးရွာကြီးထဲမှာ။ ကျွန်တော် ရပ်ကြည့်မိသည်။ ကြံဆုံက အမြှီးလှုပ်ပြသည်။ ကျွန်တော်က ပြန်ပြုံးပြလိုက်သည်။ ဇွဲကောင်းလှသော ၊ တနည်း ကြိုးစားလှသော ၊ သတ္တိရှိလှသော ကြံဆုံကြီးကို ဂုဏ်ပြုချင်လာသည်။ အခန်းထဲတွင် ညစာအတွတ်ချန်ထားသော ၀က်သားနှင့် ထမင်းကျန်သေးသည်။ ကျွန်တော် စားစရာများ ကို ချပြီး လမ်းပေါ်တွင် ကြံဆုံကြီးအား ကျွေးနေမိသည်။ မြေညီခန်းအတွင်းမှ တ၀ုန်းဝုန်းအသံနှင့်အတူ မီးပွင့်လာသည်။ ကြိုးတွဲလောင်းနှင့် ခွေးက တံခါးကို တွန်းနေသည်။ မိန်းမကြီး ထွက်လာပြီး ဆွဲခေါ်သွား ၍ ကြိုးနှင့် ချည်လိုက်ဟန်ရှိသည်။ အခန်းတွင်းမှ ကြိုးချည်ထားခံရသော ခွေလေးကား တအိအိ။ ကြံဆုံကြီး ဆက်မစားတော့ ။ ကျွန်တော်လည်း ကြံဆုံကြီးကို ကြည့် ၍ တစ်ကိုယ်တည်း ပြောမိသည်။

“အေးပါကွာ။ တော်သလင်းပြီး သတင်းကျွတ်ပါကွ….နော်။”


စေ့စေ့တွေးပြီး ပြုံးမလား....ပြစ်ပြစ်နှစ်နှစ် ဆဲလား၊ နှစ်သက်ရာကိုသာလုပ်ပါ။
ခွေးများသည်တော့ ပြုံးလျှင် အမြီးနှုန့်သည်။ ဆဲလိုလျင် ဂဲဂဲ ဟုအော်လျက် သွားဖြီးထားသည်။

Oct 5, 2008

ဖူးစာဖက် ရှာကြရာဝယ်

ကျွန်တော်တို့ ရပ်ကွက်ထဲမှာပေါ့…..

ကျွန်တော် လ္ဘက်ရည် သောက်ဖော်သောက်ဖက်တွေနဲ့ စကားပြောဖြစ်ကြတယ်။ အရွယ်စုံ ဘဲ ဆိုပါတော့။ ၆၀ ကျော်

ကနေ 15 -16 နှစ် အထိပါကြတယ်လေ။ သည်လို ဘဲ ဟိုပြော ဒီပြောနဲ့ ရပ်ကွက်ထဲက ဖူးစာဖက်တွေ အကြောင်း ပြောဖြစ်ကြတယ်။ ကျွန်တော် ကပြောတယ်။ ဖူးစာဆိုတာဦးရာလူပါလို့ ။ သူတို့ ကလည်း ဇတ်လမ်းစုံအောင် ခင်းကြတော့တာပေါ့။ ဦးလေးကြီးတစ်ယောက်က ပြောတယ်….။ တစ်ခါတုန်းက တဲ့ ။ အတော်လေး ရိုးရိုးသားသား ကျောင်းဆရာတစ်ယောက် အကြောင်းပါ။ အဲ့ကျောင်းဆရာက သူ့ အိမ်ဘေးက အရွယ်တူ ကောင်မလေး ကို ကြိုက်ရော။ သူကလည်း အိမ်နီးချင်းဆိုတော့ ကောင်းမလေးအကြောင်း ကောင်းကောင်းသိ။ ကျောင်းဆရာကလည်း အတော်လေး ရိုးရိုးသားသား။ သူနဲ့  ကလည်း ခင်တယ်။ ကျောင်းဆရာ အခြေအနေ ကောင်းမှန်းလည်း အိမ်နီးချင်း သူငယ်ချင်း ကောင်းမလေး တွေက တဆင့်သိထားတော့ သူ က ကျောင်းဆရာကို ဘယ်တော့ လဲ။ ကောင်းကောင်း ကျွေးရမယ်နော် ဘာညာ စတာပေါ့။ အဲ့မှာကျောင်းဆရာက ရှက်ကို့ ရှက်ကန်းနဲ့ သူ အနေနှင့် မဖြစ်နိုင်ကြောင်း၊ အားငယ်ကြောင်း ပြောတော့တာဘဲတဲ့ ။ သူ ကလည်း အားမငယ်နဲ့ ပေါ့။ ခင်ဗျားက ရုပ်ဆိုးပေတဲ့  ကောင်းမလေးကို သူပြောပေးမယ်။ ခင်ဗျားက လူရိုးဘဲ။ ဖြစ်နိုင်ပါတယ်။ ဘာညာပြောတော့…. ကျောင်းဆရာ စိတ်တိုသွားသတဲ့။ အောင်မာ …. မင်းက ငါ့ကိုရုပ်ဆိုးတယ်။ ကောင်မလေးက ရုပ်ဆိုးလို့ မကြိုက်တောင် ရိုးဂုဏ်တော့ရှိတယ် ပြောရအောင်မင်းကတော့ ဘယ်လောက် ချောလို့တုန်း ဖြစ်ကုန်ရော။ သူတို့ စကားအခြေအတင်က အတော်လေး အရှိန်ရလာပြီး လောင်းကုန်ကြရော။ ကျောင်းဆရာက အရဘက်က ၊ သူက မရဘက်က။ နောက်နေ့  အဖြေ ကြည့်မယ်ပေါ့။ သူတို့ ဒေါသတွေ နဲ့  လမ်းခွဲလိုက် ကြရော။ သူလည်း အိမ်ပြန် ရောက်တော့ ရေမိုးချိုးပြီး …. လမ်းဘက်ထွက်။ ဘေးအိမ်က အခြားကောင်းမလေးကို ခေါ်ပြီး မေးသတဲ့။ ကျောင်းဆရာနဲ့  အဲ့ကောင်မလေးက ဘယ်တော့ ယူမှာလဲစလိုက်ရော။ ကောင်မလေး သူငယ်ချင်းကလည်း ဘယ်ကလာ…. အခုမှ ရည်းစားစကား ပြောတုန်းရှိသေးတယ် ပြန်ပြောတော့…..သူက သိဘူးလေ…ငါအခုဘဲ ကျောင်းဆရာနဲ့  လ္ဘက်ရည်ဆိုင်ထိုင်ပြီး ပြန်လာတာ… ကျောင်းဆရာက ငါ့ကိုပြောလိုက်တယ်ပေါ့…..လပြည့်ညတုန်းက ဘုရားသွားတယ်ဆိုပြီး ချိန်းတွေ့ ဆို။ သူပြောတော့ အို လျှာလိပ်….ပါးလိပ် သိပါဘူးလေ….လို့  ညဉ်းပြီး အိမ်ထဲ ပြန်ဝင်တယ်တဲ့။ နောက်နေ့ ကျ ကျောင်းဆရာလည်း ကောင်မလေး အိမ်ရှေ့က ဖြတ်ရော ပါးရှစ်စိတ်ကွဲမယ်လို့  ကောင်းမလေးအုပ်စုက ၀ိုင်းပြီး ကော်တုတ်လိုက်သတဲ့ ။ ကောင်မလေး ကောင်မလေး နဲ့  သုံးသုံးသွားလိုက်တာ …အခုတော့ အဒေါ်ကြီး ဖြစ်သွားပြီ။ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်တုန်းကတဲ့ လေ။ကျောင်းဆရာကတော့ အိမ်ထောင်သည်ဖြစ်သွားပြီး အဒေါ်ကြီးကတော့ အပျိုကြီး ဖြစ် ကျန်နေလေရဲ့။အခုတော့ ငါးဆယ်နားကပ်ပြီပေါ့။သူ တို့  ဖူးစာတလွဲ….ပါးစပ်လေးပါလား။ ပြောတဲ့ဦးလေးကြီး လည်း စိတ်မကောင်းစွာနဲ့ ဘဲ ပြန်ပြောပြတယ်လေ။ ကျွန်တော် ဆက်ပြောဖြစ်တယ်။ ကြိုက်တာ၊ ချစ်တာ၊ အိမ်ထောင်ကျတာ။ ကြိုက်တယ်ဆိုတာ…..အရုပ်လေးတစ်ရုပ်ကို အပိုင်လိုချင်တာ။ နေရာတစ်ခုမှာ ခေတ်အလိုက် အလှထား ချင်တာ။ ချစ်တယ်ဆိုတာကျတစ်မျိုး….ဘာလို့ မှန်းမသိပါဘူး။ သူဖို့ ကျတော့ အလိုလို အလျှော့ပေးနေမိတာ။ ခံစားချက်တို့  ခံယူချက်တို့ ဆိုတာကို သူက ကိုက်စားပြစ်တယ်။ သူ့ ကို ပြုံးပြုံးလေး ကြည့်နေမိရဲ့။ အဲ့ဒါချစ်တာ…။ အိမ်ထောင်ကျ တာ…..အဲ့ဒါက ခလုတ်တိုက်တာ။ ငါတော့ ဘယ်ခဲနဲ့ ခလုတ်တိုက်မယ်…ကြိုပြီး တွေးထားလို့ မှ မရတာနော်….သူဟာသူ ဖြစ်တာ… ကျွန်တော် ထင်တာဘဲလေ…။ အဲ့ဒါနဲ့ အစောက ဦးလေးကြီးကဘဲ….သူ့  အိမ်ဘေး က လူပျိုကြီး ကြင်ယာရ ပုံကို အကျယ်တ၀င့် ပြောပြန်ရော…။ လူပျိုကြီးက လေးဆယ်နားကပ်။ တစ်ယောက်တည်း နေရင်း … နေရင်း … လောကကြီး အကြောင်း စူးစမ်းသလို၊ အဂ္ဂရိတ် ထွက်ရာပေါက်ဘဲ လိုက်တော့မှာလို လို … ဘာသာရေးထဲဘဲ ၀င်တော့မှာလို လို ။ တရားစခန်းတွေဝင်ရင်း….၀င်ရင်း….ဓမ္မ မိတ်ဆွေတစ်ယောက်ရလာသတဲ့ ။ တရားကြောင်း ဆွေးနွေးလို့ ကလည်း ကောင်းတော့ ပြောကြရင်း ပြောကြရင်း..ထိတာကိုသိတာ…. အဲ့ သိတဲ့စိတ်လေးက လည်း ပျက်သွားတယ်နော်။ ကဲ ညီမရယ်…. ထိတယ်ဆိုတော့… ထိမယ်နော်….။ သြော် ထိပါ…ထိပါ…။ လူပျိုကြီး ထိကြည့်သည်။ ထိတာကို သိတယ်… အဲ့မှာ ဘာဖြစ်လဲ ကျွန်တော်တို့ တော့မသိပါ။ သူတို့  လူပျိုကြီး၊ အပျိုကြီး ညားကြလေသတည်းတဲ့။ ဦးလေးကြီးက နာမည်ပေးတယ်။ ၀ိပဿနာ ဖူးစာတဲ့။ အရပ်ထဲမှ ဘုရားဖူးရင်း လိပ်ဥတူးရင်း ဆိုသောလူငယ်များစွာ လည်း ဘာသာရေး နဖူးစည်းထိုးပြီး ကြင်ယာရှာဖွေရေးမှ လွတ်မြောက်နိုင်ပါစေ။ကျွန်တော် တော့ အခုထိ မလုပ်မိသေးပါ...။ တကယ်မို့ ယုံပေးပါ။

ကိုယ့်အတွေးနှင့်ကိုယ်

ကျွန်တော့်အတွတ် ဒီရက်ပိုင်းတွေမှာ အသစ်အသစ်တွေ အဖြစ်များလေရဲ့။ အချို့ဟာတွေကို ကြည်ကြည်သာသာ လက်ခံခဲ့ပေမဲ့…။ အချို့ကိုကျတော့ ခပ်တွန့် တွန့် ရယ်ဗျ။ ဒါပေတဲ့ ဖြစ်ခဲ့ကြတာဘဲလေ။ ကိုယ်မှ အစိုးမရတာကိုဘဲဗျာ။ လူတွေ လူတွေအများစု က သူတို့ အလုပ်အကိုင်လေးတွေ အစဉ်ပြေနေချိန်မှာတော့ သူတို့ မည်ကဲ့သို့ တော်ခဲ့ကြကြောင်း၊ ကြိုးစားခဲ့ကြကြောင်း ပြောလို့ မဆုံးအောင် ဖြစ်ကြသည်။ သူတို့ ကျဆုံးချိန် မရောက်မချင်းပေါ့။ အဲဗျာ…ကျဆုံးသွားခဲ့ပြန်တော့လည်း “ကံမရှိဥာဏ်ရှိတိုင်းမွဲတဲ့” ။ အတော်လေး ပြောတတ်ကြပါပေတယ်။ ကျွန်တော့်ကို အချို့က အလုပ်ဆိုတာ လုပ်နိုင်မှ အောင်မြင်မယ်ဟု တစ်မျိုး၊ ဇွဲ ၀ိရိယ လုံ့ လ ရှိမှ အောင်မြင်မယ်ဟု တစ်ဖုံ၊ ဥာဏ်သုံးမှ သက်သာမယ်၊ မြန်ဆန်မယ်ဟု တစ်သွယ် …အမျိုးမျိုး ထင်ကြေးနှင့် ပြောကြပါသည်။ ကျွန်တော်လည်း သူတို့ ပြောစကားများကို မှတ်သားရင်း ..မှတ်သားရင်း….ပုံအချို့ ရခဲ့ပါသည်။ ပြောပြပါအုံးမယ်။ ကြားဖူးပြီးသားဖြစ်လျင် သည်းခံပြီး ကျော်ဖတ်ပေးပါ။

၁။ လုပ်နေခြင်းသည် မလုပ်ခြင်းထက် မြှော်လင့်ချက်ရှိသည်။
တစ်ခါတုန်းကတဲ့…. ဖားလေးနှစ်ကောင်က ညကြီးမိုးချုပ် လျှောက်လည်ရင်း အိမ်တစ်အိမ်က နွားနို့ အိုးကြီးတစ်အိုးထဲကို ပြုတ်ကျသွားသတဲ့။ ဖားလေးတွေက ပျော်သွားတာပေါ့။ နွားနို့ ကို အ၀ သောက်လိုက်ကြတယ်တဲ့။ သူတို့ တွေက ဗိုက်ကားတဲ့ထိ ဇိမ်ယူသောက်ကြပြီးတော့မှ အပြင်ပြန်ထွက်ဖို့  ခက်နေတာကို သတိရသွားကြသတဲ့။ သူတို့ အားကုန်ခုန်ကြည့်တယ်။ အိုးက မြင့်နေတော့ ခုန်လို့  မမှီဘူး ဖြစ်နေရော။ ဗိုက်ကလည်း တအားပြည့်နေတော့ သိပ်လည်း မခုန်နိုင်တော့ဘူးထင်ပါ့။ သူတို့  အမျိုးမျိုး ကြိုးစားသော်လည်း အပေါက် ကို မမှီနိုင်ဘူး ဖြစ်နေတာပေါ့။ အဲ့လိုနဲ့ သူတို့ နှစ်ကောင် အိုးထဲက နွားနို့ တွေထဲမှာ ဘဲ ကူးခတ်နေကြရတယ်တဲ့။ ကူးရင်း၊ကူးရင်းနဲ့ တစ်ကောင်းက တွေးမိသတဲ့….ငါတို့ အခုလို ကူးနေလဲ မနက်ကျ သေမှာဘဲ။ အပြင်ရောက်အောင် ခုန်ဖို့ ကျလည်း မဖြစ်နိုင်ဘူး။ မနက်ကျ အိမ်ရှင်က မသတ်ဘူးဘဲ ထားအုံး…မနက်ထိတော့ ဘယ်ဖားမှ မကူးနိုင်ဘူး…. ကြွက်တတ်ပြီး သေမှာဘဲလို့ တဲ့။ ဒီတော့ အပင်ပန်းခံပြီး ကူးမနေတော့ဘူး… အပင်ပန်းမခံဘဲ အေးအေးဆေးဆေး သေမယ်လို့  တွေးပြီး နွားနို့တွေ တ၀ကြီး သောက်ရင်း အသေခံသွားသတဲ့။ နောက်တစ်ကောင်ကတော့ ဆက်ကူးနေ သတဲ့။ ညနက်လာတော့ အအေးဓါတ်ပိုလာပြီး.. နွားနို့ တွေ က ခဲလာပြီး ဖားလေး ခြေတောက်နဲ့ ထောက်ခုန်လို့  ရလာတယ်။ သူလည်း ထောက်ပြီး ခုန်ရင်းက အိုးကြီး နှုတ်ခမ်းကို ရောက်ပြီး အသက်ချမ်းသာရာရသတဲ့နော်။ လုပ်နိုင်မှ ရမယ်ဆိုတဲ့လူတွေရဲ့ အပြောများတဲ့ ပုံပြင်လေးပါ။

၂။ ဥာဏ်နှင့် ချင့်ချိန်ပါ။
တစ်ခါတုန်းကတဲ့…. တံငါသည်တစ်ယောက်က ငါဖမ်းရင်း ငါးလေးသုံးကောင်ကို မိသတဲ့။ ငါးတစ်ကောင်ကတော့ အမိခံရသည် ဖြစ်သည်နှင့် တပြိုင်နက် အားကုန်ရုန်းကန်ပြီး ခုန်နေသတဲ့။ ခုန်နေရင်လွတ်မလားဆိုတဲ့ အတွေးနဲ့ ရှိပေမပေါ့။ အဲ့တော့ တံငါသည်က ဒီငါးကွာ ဆိုပြီး ပဲ့နှင့် ရိုက်လိုက်ရာ ပွဲချင်းပြီး သေလေသည်တဲ့။ နောက်တစ်ကောင်ကတော့ သူ့ ရှေ့က နမူနာနှင့် မခုန်ရဲတော့ဘဲ ကံကိုပုံချပြီး အများနည်းတူ တံငါသည် လက်ထဲရောက်တဲ့ ငါးတွေ သွားရာ ဟင်းအိုးကိုဘဲ မှန်းဆငိုခြင်းချနေသတဲ့။
နောက်ကျန်တဲ့ငါးကတော့ … စဉ်းစားတယ်တဲ့။ ငါ..အခုနေ ထခုန်ရင် အသက်ခံရမယ်။ ဘာလုပ်ရမလဲ ….ဘာလုပ်ရမလဲ..စဉ်းစားရင်း …အကြံရတော့ သေဟန်ဆောင်နေသတဲ့။ တံငါသည်ကလည်း ငါးသေတွေကို လှေနံပေါ် စိတ်ချလက်ချ တင်လိုက်တော့ သေဟန်ဆောင်တဲ့ငါးက ရေထဲခုန်ဆင်းပြီး အသက်ဘေးက လွတ်သွားသတဲ့။ ဥာဏ်သာလျင် ဦးဆောင်တယ်ဆိုတဲ့ လူတွေရဲ့ ပုံပြင်လေးပါ။

၃။ ဇွဲရှိရှိလုပ်မှ အောင်မြင်မယ်
တခါတုန်းကတဲ့ ….တက္ကသိုလ်ဆရာကြီးတစ်ယောက်ရှိသတဲ့။ ဆရာကြီးဆီမှာ တအားတော်တဲ့ ကျောင်းသားရှိသလို တအားညံ့တဲ့ကျောင်းသားလည်း ရှိပြန်တယ်။ တော်တဲ့ကျောင်းသားကျ သူ လိုက်နိုင် သလောက်ကို ဆရာစားမချန်ပြပြီး ညံ့တဲ့ကျောင်းသားကျ စာသင်နှစ်တစ်ခုလုံး အိုးဖုတ်နည်းတစ်ခုဘဲ သင်ပေးလိုက်သတဲ့။ စာသင်နှစ်ပြီးလို့  ကျောင်းသားတွေက ကိုယ့်နယ်ကိုယ်ပြန်ပြီး ဆရာသင်ပေးလိုက်တဲ့ ပညာရပ်တွေနဲ့  အသက်မွေး ကြသတဲ့။ နောက်…. နှစ်တွေကြာလာတော့ စာတော်တဲ့ကျောင်းသားက ဆရာကြီးဆီပြန်လာပြီး ကြေးတမ်းတိုက်သတဲ့။ စာတော်တဲ့ ကျောင်းသားကျ ကြီးပွားနည်း မပေးဘဲ၊ စာအညံ့ဆုံးကျမှ ကြီးပွားနည်းကို ပေးလိုက်တယ်လို့ ဆိုတယ်တဲ့။ အိုဖုတ်နည်းဘဲသင်ပေးလို့ ရတဲ့ ကျောင်းသားက သူ့ နယ်မှာ အင်မတန်ကြီးပွားတဲ့ သူကြွယ်ဖြစ်နေလို့ ပေါ့။ သူကကျတော့ ဆရာကြီးဆီက ပညာအားလုံးလောက်နီးနီး ရထားတာကိုလေ။ အဲ့မှာ ဆရာကြီးက သူ့ ကို ကြီးပွားနည်းပြမည်ဆိုပြီး ၀ါရုံတော တစ်ခုထဲ ခေါ်သွားသတဲ့။ ၀ါးတောထဲလည်းရောက်ရော သူ့ ကို ၀ါးပင်ပေါ်တတ်ခိုင်းသတဲ့။ သူလည်း ၀ါးပင်ထိပ်ရောက်ရော…ဆရာကြီးက ၀ါးပင်ကို အောက်ကနေ လှုပ်သတဲ့။ သူလည်း ဒီအပင်လှုပ်တော့ နောက်တစ်ပင်ကူး…နောက်ထပ်လှုပ်တော့ နောက်တစ်ပင်ကူး။ အဲ့သလိုနဲ့ ဆရာကြီးက သူကူးသမျှဝါးပင်တွေကို လိုက်ပြီး လှုပ်နေသတဲ့။ နောက်ဆုံးတော့ သူလည်း ၀ါးတောထဲက အကြီးဆုံးဝါးပင်းကို ရှာပြီးဖက်ထားလိုက်တော့ သတဲ့။ အသေအချာပေါ့။ ဆရာကြီးကလည်း လိုက်ပြီးလှုပ်လို့ မောသွားတော့….သူ့ ကို ဆင်းခိုင်းလိုက်သတဲ့။ အဲ့မှာ သူက စိတ်တိုတိုနဲ့ ဆရာကြီးကို ပြောတယ်။ ကြီးပွားနည်းပြမယ်လို့ ပြောပြီးတော့ ၀ါးတောထဲမှာ သေကြောင်းကြံတယ်ပေါ့။ ဆရာကြီးက ပြောတယ်။ ၀ါတောထဲက ဥပမာယူပါတဲ့။ ဒီအလုပ်မကြိုက်၊နောက်က အလုပ် အတိုက်အခိုက်ပေါလို့ ၊ နောက်တစ်ခုက စိတ်မပါလို့ ဆိုပြီး ပြောင်းနေမယ်ဆိုရင်တော့ မပြီးတော့ဘူးတဲ့။ မကြီးပွားတော့ဘူးတဲ့။ တစ်ခုဆိုတစ်ခု ဇွဲနှင့်လုပ်နိုင်မှ ကြီးပွားမယ်တဲ့။ အကြီဆုံး ၀ါးပင်ကို ဖက်ထားသလို အလုပ်တစ်ခုကိုလည်း ဖက်ထားရမယ်တဲ့။ အချို့တွေရဲ့ ပုံပြင်လေးပါ။
ထိုကိစ္စနှင့်ပတ်သတ်ပြီး ဆရာကြီးတစ်ယောက်က သူ့ ဥပမာပေးခဲ့ဘူးပါသည်။ သူပြောစဉ်ကတော့ ဗြိကြိသျှလို အစအဆုံးဖြစ်သော်လည်း ကျွန်တော်၏ အင်မတန်ညံ့သော စာလုံးပေါင်းမှားယွင်းမှု့ကို ရှောင်သောအား ဖြင့် ဗမာလိုဘဲ ပြောပြမယ်ဗျာ။ လိမ့်နေသောကျောက်တုံးသည် ရေညှိ မစုမိဘူးတဲ့။ ဟုတ်ပေသော်လည်း ဘယ်တော့မှ ချောမွေ့ တောက်ပြောင်လာမှာ မဟုတ်ဘူးတဲ့။ လိမ့်နေသော ကျောက်တုံးသည် လှည့်လည်ရောက်ရင်း ပတ်ဝန်းကျင်နှင့် ပွတ်တိုက်ရင်း ချောမွေ့ လာသည်။
တစ်နေရာတည်းမှာ ငြိမ်နေသောကျောက်တုံးသည်တော့ ဘယ်မျှမရောက် ဘာကိုမျှမတွေ့ ။ ရေညှိတွေ စုနေသည်။ ရေညှိတွေရသော်လည်း ချောမွေ့ တောက်ပြောင်ခြင်းကို မရ။ လူတို့ တွင်လည်း အလုပ်တစ်ခု မှတစ်ခုသို့ ပြောင်းရွေ့ရန် သတ္တိမရှိသောကြောင့် ကိုယ်ရှိတာလေး ကိုယ်ပိုင်တာလေးကို ပွတ်သတ်ရင်း နေသွားကြသူများ ရှိသလို ဘ၀ဆိုတာကို လှုပ်ရှား ပြောင်းရွေ့ ရန် ၀န်မလေးသူတွေ ကလည်း ဘ၀မျိုးစုံ၊ လူမျိုးစုံ ဘ၀မျိုးစုံကို သတိရှိရှိ၊ သတ္တိရှိရှိ နေနိုင်သွားတယ်တဲ့။ ကဲ ...ဘယ်ဘ၀ကို ရွေးမလဲတဲ့။ နွားခြေရာခွက်ထဲက ဖားလေးလုပ်မလား။ ပင်လယ်ထဲက ငါးတစ်ကောင်လုပ်မလားတဲ့။ သူမေးခွန်းတွေကို ကျွန်တော် တမ်းပြီးမဖြေမိ။
ကျွန်တော် ရောသောဖောသော ပြန်ပြီး ရယ်ပြနေမိခဲ့သည်။ အချို့ကိစ္စတွေက ကြေကြေညက်ညက် မ၀ါးမိမှ သွားမကျိုး မှာကိုလေနော်။ နောက်ပုံလေးတစ်ခု ပြောအုံးမယ်။

၎။လက်ခံနိုင်ခြင်း
တစ်ခါတုန်ကတဲ့….။ မောင်ကံရယ်၊ မောင်ဥာဏ်ရယ်၊ မောင်ဝိရိယရယ်ဆိုပြီး သူငယ်ချင်း သုံးယောက်ရှိသတဲ့။ မောင်ကံလေးကတော့ ဘာဘဲဖြစ်လာဖြစ်လာ ငါကောင်းဖို့  ဖြစ်လာတာလို့ တွေးလေးရှိပြီး ကျေနပ်နေတယ်။ မောင်ဥာဏ်ကတော့ အရာတွေကို ဥာဏ်နှင့် ရယူရတယ်လို့ တွေးသလို မောင်ဝိရိယကတော့ လုပ်နေမှ.. ဆက်လုပ်နေမှ ရမယ်လို့  တွေးသတဲ့။ အဲ့လိုနဲ့ နေလာခဲ့ကြတာ…နေလာခဲ့ကြတာ… သူတို့ လေးတွေ ကြီးလားတော့ မောင်ဥာဏ်နှင့် မောင်ဝိရိယကတော့ ကုန်သည်ပွဲစား တွေ ဖြစ်လာကြပြီး မောင်ကံမှာတော့ ဘာမျှ မယ်မယ်ရရ မရှိဖြစ်နေသတဲ့။ အဲ့တော့လည်း မောင်ကံက အချုပ်အနှောင် ကင်းတယ်လို့ တွေးပြီး သူ့ ကိုယ်သူ ကျေနပ်နေသတဲ့။ သူ့ မိဘများကတော့ မကျေနပ်ဘူးပေါ့။ မောင်ကံ ရဲ့မိဘများက မောင်ကံကို သူငယ်ချင်းတွေဆီ တပည့်ခံဖို့ လွှတ်လိုက်သတဲ့။ အဲ့တော့လည်း မောင်ကံလေးက ပညာရဖို့ လို့ တွေးပြီး ကျေနပ်နေပြန်သတဲ့။
မောင်ဥာဏ်နှင့် မောင်ဝိရိယတို့ က တိုင်းပြည်တစ်ခုကို ကုန်ကူးဖို့ သွားရာတွင် မောင်ကံ ကိုတောက်တိုမယ်ရ တပည့်အဖြစ် ခပ်နှိမ်နှိမ် ခေါ်လာခဲ့ကြသတဲ့။ လမ်းခရီးတွင် သဲမုန်တိုင်း မိရာမှာလည်း မောင်ကံကို ဂရုမစိုက်ဘဲ ပစ်ထားပြီး ထွက်လာကြသတဲ့။ မောင်ကံလည်း ကန္တာရ ထဲမှာ တစ်ယောက်တည်း ဖြစ်နေသတဲ့ ။ အဲ့တော့လည်း လျှောက်လည်မှာပေါ့လို့ တွေးပြီး လျှောက်သွားရင်း ကျေနပ်နေသတဲ့။ သွားရင်း သွားရင်းနဲ့ ရေကန်တစ်ကန်ကို တွေ့ သတဲ့။ သူလည်း အားရ ၀မ်းသာနဲ့  ရေကန်ထဲ ဆင်းပြီး ရေချိုးရော…
သူ့ ကိုယ်တစ်ကိုယ်လုံး အမွှေးတွေ ပေါက်လာပြီး မျောက်တစ်ကောင်အဖြစ်ပြောင်းသွားသတဲ့။ သူလည်း အံ့သြ သွားပြီး လူ့ ဘ၀ နေရတာကြာလှပြီ ။ မျောက်ဘ၀ တလှည့် နေရတာပေါ့လို့  တွေးပြီး စိတ်ဖြေလိုက်သတဲ့။ သူလည်း ရေကန်ထဲက ရေကြည်တွေကို အိုးနဲ့ ထည့်ပြီး ထမ်းလာသတဲ့။ မျောက်ဘ၀နဲ့  ဟိုသွား သည်သွားပေါ့။ သွားရင်းနဲ့  ရေအိုင်တစ်အိုင် တွေ့ ပြန်သတဲ့ မောင်ကံလေးက အိုင်တွေ့ တိုင်း ခြေမဆေးပေမယ့် ပါလာတဲ့ ရေအိုးလေးချပြီး ရေချိုးသတဲ့။ ရေတွေ က အယင်တုန်းက တွေ့ တဲ့ အိုင်ထဲက ရေတွေလို ကြည်လင်မနေဘူးတဲ့။ သူလည်း ချိုးပြီးတော့ သူကိုယ်သူ အမွှေးတွေ ပျောက်ပြီး အယင်လို လူဘ၀ ပြန်ရနေတာကို တွေ့ ရသတဲ့။ အဲ့တော့လည်း လူဘ၀ဆိုတော့ ရှာဖွေ စားသောက်ရတာ ပိုလွယ်တာပေါ့လို့ တွေးရင်း ရေကန်ထဲက ရေကို အိုးတစ်လုံးနဲ့ ခပ်လာပြီးဆက်လျှောက်လာသတဲ့။ သွားရင်းသွားရင်းနဲ့ မြို့တစ်မြို့ ကို တွေ့ တော့ မြို့ ထဲဝင်ပြီး မောမောနှင့် ဇရပ်ထဲမှာ ခဏ လှဲနေသတဲ့။ အဲ့အချိန်မှာဘဲ လူတစ်ယောက်က ရေးကြီးသုတ်ပြာနဲ့  ဇရပ်ဘေးက ဖြတ်သွားပြီး မောင်ကံဘေးက ရေကြည်အိုးလေးကို ယူပြီး ထွက်သွားသတဲ့။ မောင်ကံလေးကတော့ အိပ်နေတော့ မသိလိုက်ဘူးပေါ့။ နိုးတော့မှ သူ့ ရေကြည်အိုးလေး မရှိတော့တာ သိတော့တယ်။ သူနိုးနိုးချင်းဘဲ မြို့ထဲမှာ လိုက်ပြီး အော်တဲ့အသံကို ကြားသတဲ့။ ဘုရင်ကြီးရဲ့ သမီးလေးသည် ရုတ်ချည်း မျောက်တစ်ကောင် ကဲ့သို့  အမွှေးများ ထူထဲစွာ ပေါက်လာပါသဖြင့် ကုသပေးနိုင်ပါက မင်းသမီးလေးနှင့် လက်ဆပ်ပေးပြီး အိမ်ရှေ့ရာထူးပါ ပေးမည်ဖြစ်ကြောင်း ။ မောင်ကံလည်း သူ့  ရေကြည်အိုးလေး လေး ပျောက်သွားရပုံကို ဇတ်ရည်လည်လာပြီး မင်းသမီးလေးကို နောက်ရေအိုးလေးနဲ့  ရေချိုးခိုင်းလိုက်သတဲ့။ ဖြစ်ပုံက မင်းသမီးလေး ရဲ့အဖော်က မင်းသမီးလေး ရေချိုးဖို့ ရာ အလွယ်ရသောအိုးကို အမြန်ယူပေးရင်း ဖြစ်ခဲ့ရလေသည်တဲ့။ မည်သို့ ဖြစ်စေ မောင်ကံလေးကတော့ မင်းသမီးလေးနှင့်ညားပြီးသကာလ.. အိမ်ရှေ့မင်းဖြစ်လေသတည်းတဲ့။
ကျွန်တော်တော့ ထိုပုံပြင်လေးအား သဘောကျပါသည်။ မောင်ကံလေးကဲ့သို့  ကျွန်တော်တို့ အိမ်ရှေ့မင်းသားဖြစ်ချင်မှ ဖြစ်မှာပါ။ နို့ ပေတဲ့ ရောက်ရာဘ၀ကို ကျေနပ်လက်ခံနိုင်ခြင်းက လူကို သက်သာ စေတယ်လို့ ကျွန်တော် ထင်ပါတယ်။ မကျေနပ်တော့ရော ကျွန်တော်တို့  ပြုပြင်လို့ ရလို့ လား။ကိုယ့် ခံယူချက်ကို သေဆုံးစေသည်အထိ မထိခိုက်သည်ဖြစ်လျင် ခံယူနေရုံမျှသာ။
ကျွန်တော့်ကို လူတစ်ယောက်က ပြောပြဖူးပါတယ်။ လူတွေက ဘ၀ဆိုတာကို ကိုယ်တိုင် ဖန်တီး ယူရတာလား။ ဖန်တီး ပြီးသာ ဘ၀တွေထဲမှာ နေနေရတာလားတဲ့။
မည်သို့ ဖြေရမည် ကျွန်တော်မသိပါ။ အစွန်းမလွတ်သော အမေးဖြစ်သည်လို့ တော့ ထင်မိပါသည်။
တစ်ခါက လူတစ်ယောက်က ကျွန်တော့်ကို မေးဖူးပါသည်။ လုပ်သင့်တာနှင့် လုပ်ချင်တာ ဘာကို လုပ်မလဲတဲ့။ ကျွန်တော် တွေသွားရပါသည်။ အသေအချာ စဉ်းစားကြည့်ပြီး တစ်လုံးချင်းပြန်ဖြေမိသည်။ လုပ်နေတာကို ဘဲ ဆက်လုပ်မယ်လို့ ။ သူကတော့ ကျွန်တော့်ကို မကျေနပ်။ ကျွန်တော် ရှင်းပြမိသည်။ ကျွန်တော် လုပ်သင့်ပါလျက် မလုပ်ခဲ့မိတာတွေက အများကြီးရှိခဲ့ပြီးသလို ၊ လုပ်ချင်ပါရဲ့ မလုပ်ခဲ့ရခြင်း၊ မလုပ်ချင်ပါလျက် လုပ်နေခဲ့ရခြင်း၊ မလုပ်သင့်ပါလျက် လုပ်နေခဲ့မိခြင်းတွေ များခဲ့လှပြီ ဖြစ်သောကြောင့် အဘယ်အတွတ် ပိုင်းခြားဖို့  စဉ်းစား နေသနည်း။ ပိုင်းခြားထားတော့ကော လုပ်လို့ ရပြီတဲ့လားပေါ့။
ကျွန်တော် စဉ်းစားမိသော တစ်ပိုင်းတစ်စပါ။

ခပ်လှမ်းလှမ်းက ပန်း

ရွေးမြဲရွေးမိခဲ့တဲ့ငါ အလွန်းနေတာလား။
လည်လွန်းနေတာလား။
တစ်ခုလိုချင်ရင်တစ်ခုပေးရတယ်တဲ့။
လိုချင်ခဲ့တာတွေကို ရက်စွဲတွေက လုံးခြေပြီးလွှင့်ပစ်တယ်။
ပေးဖို့လက်တွေက စွံ့ အကျန်ခဲ့လေရဲ့။
အပြင်းအထန်ဆိုတာကို
အသက်အရွယ်က ကြေညက်အောင်စားသောက်ပြစ်ပြီ။
ပေးသောလက်နဲ့ ယူသောလက်ကို
စွပ်ပြုပ်လုပ်သောက်ပါတဲ့။
ဘောလုံးနဲ့ကစားသမား ဘယ်သူက အမှန်တကယ် ကစားနေတာလဲ။
ကိုယ်ကချည် ကစားလို့မရနိုင်တာသိပါတယ်။
ဒါပေတဲ့အမြဲတမ်း သူများကစားတာကိုတော့မခံနိုင်ဘူး။
စုထားမိတဲ့ချောကလက်တွေ ခွေးကျွေးပြစ်မယ်သိလား။
အို....လောကကြီးရယ်
ငါဖို့မနက်ဖြန်တိုင်းမှာ
သေဆုံးခြင်းကို မှတ်မှတ်ရရ ထည့်ပေးပါ။
ခံစားချက်ဆိုတာကို ကိုယ်တိုင်ချက်ပြုတ်ရတာ မသက်သာလှပါဘူးဗျာ။
အချဉ်ထုပ်နဲ့လဲစားခွင့်ပြုပါ။
ဘယ်လိုဘဲဖြစ်ဖြစ်ပါ
ခံယူချက်သံစဉ်တွေကိုတော့ သေဆုံးခွင့်မပေးနိုင်ဘူး။
အတုမဲ့ ဓါးတစ်လက်ရယ်၊ ကခုန်နေတဲ့ ဗုံတစ်လုံးရယ်ဆို
ငါ့ဖို့ထပ်တောင်းဆိုစရာမရှိတော့ပါဘူး။
ဖိုးလင်း

Aug 26, 2008

အပြောင်းအလဲ

ဟုတ်ကဲ့ဗျာ..ကျွန်တော် အခုရက်ပိုင်းတွေ မှာ အလုပ်များနေတယ်ဗျာ။ တကယ်ပြောတာပါ။ ဟိုသွားဒီသွားနဲ့  အလုပ်ရှာရင်းပေါ့။ ကြားထဲမှာ အားရင်အားသလိုလည်း သူငယ်ချင်းတွေနဲ့  ယမကာလေး မှီဝဲရင်း။ သူငယ်ချင်းများကတော့ အတော်လေး မစုံကြတော့။ ကျွန်တော်နှင့် အများဆုံး နှစ်ယောက်လောက်သာ စုမိဖြစ်ကြသည်။ တစ်နေ့ အားအားရှိလှသဖြင့် သောက်နေကျ ၀ီစကီကို လည်း ခေတ္တ ငြီးငွေ့ လာသဖြင့် အဖော်တစ်ယောက်ကို ညှိရင်း ကျွန်တော် တို့  အယင်အခါများတုန်းက သောက်နေကျ ဘီအီးဆိုင်လေးကို လှမ်းခဲ့ကြသည်။ ယခင်က အနည်းဆုံး ၆ ယောက် ၇ ယောက် သွားနေကျ ဆိုင်လေးကို ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်တည်း ထွက်လာခဲ့ကြသည်။ လှမ်းတစ်လျှောက် စဉ်းစားခဲ့ရင်း.... အရာတွေ အရာတွေ ...အသက်တွေ ..အသက်တွေ ပြောင်းလဲခဲ့ကြပြီကော....။ ဆိုင်လေးကို ရောက်တော့လည်း ......အခင်းအကျင်းတွေက ပြောင်းလဲ သွားခဲ့ပေပြီ။ မီစက်နှင့် ဘာနှင့်ပါလား။ အယင်တုန်းများကလို ဖယောင်းတိုင်နှင့် အဟုတ်တော့။ အရက်...။ အမြည်း....။ ထိုအရာများကာ...အယင်အတိုင်း ။ ကျွန်တော် သူငယ်ချင်းနှင့် စကား စမြည်းပြောဖြစ်ကြရင်း...ကျွန်တော်တို့ သောက်နေကြ အဖော်တွေကို စစ်တမ်းကောက်ရင်း...သေသူသေကြ.... ထွက်သွားကြသူ ထွက်သွားကြ..။ ကျွန်တော်တို့ လည်း အသက်တွေ ..တစ်နှစ်ပြီးတစ်နှစ်ကြီးလာကြ ..ကြီးလာကြ။ ယခင်က ထော့ကျှိုးသွားနေသောခွေးကြီးလည်း သေသွားပြီ။ သရက်သီး..မရမ်းသီးရောင်းသော အိမ်ရှေ့မှ အဖွားလည်း မျက်စိမှုန်၊လက်တုန်...မရောင်းနိုင်တော့။ အစ်မကြီးလည်း အယင်တုန်းကလို မသွက်လက်တော့။ ကျွန်တော် ...တစ်ခုချင်းပြောနေမိသည်။ သူငယ်ချင်းကလည်း နားထောင်ရင်း..။ သူ စဉ်းစားနေဟန်ရှိသည်။ ပြီးတော့ သူ.....ကျွန်တော့်ကို စဉ်းစားရင်း..တစ်လုံးချင်းပြောသည်။ ဟုတ်ပါတယ်တဲ့။ အရာတွေက ပြောင်းလဲကုန်ပါပြီ။ အသက်တွေက လည်း ပြောင်းကုန်ပါပြီတဲ့။ အယင်က အရက်ဝိုင်ထဲက အငယ်ဆုံးကျွန်တော်ပင် အခုဆို ၀ိုင်းတွေထဲမှာ...လူကြီး စာ၇င်းဝင်လာပြီတဲ့။ နို့ တဲ့ မပြောင်းလဲသေးတာက အယင်တုန်းကတိုင် အခုထိ ၀ိုင်းထဲက လူတွေအားလုံး မပြောင်းလဲသေးတာတစ်ခုကတော့ .....အယင်လို ဘဲ ပန်းတိုင်မရှိ...ရည်ရွယ်ချက်မရှိ...ခိုင်မာမှု့ မရှိသေးတာဘဲတဲ့။ ဟုတ်ပါရဲ့နော်...အဲ့ဒါလေးတစ်ခု ကတော့ အယင်အတိုင်း....ခင်ဗျားတော့ မသိဘူးဗျ။
(ကြော်ငြာ) ကျွန်တော်တို့ သောက်နေကျ ဘီအီးဆိုင်လေးသည် ....အစပ်မှန်သည်။ အမြည်းကောင်းသည်။ ဈေးချိုသည်။ သီးသန့် ဆန်သည်။ ကြည့်မြင်တိုင် ညဈေး နောက်ဘက်တည့်တည့်တွင် မဇလီပင်လမ်းဆိုပြီရှိရာ...ထိုလမ်းထဲတွင် လူကြီးမင်းကိုယ်တိုင်ရှာကြည့်ပါလေ။ ခင်မင်ရင်းများစွာဖြင့် လမ်းပြလိုက်ပါသည်။

May 30, 2008

သတ်ပုံမှားခြင်း

ဟုတ်ကဲ့...ကျွန်တော်နှင့် အခြစ်များ ။ အဲ့လို ဆိုတော့ တွေးကြည့်ပါအုံးဗျာ။ အဲ့ဒါကို ဘယ်လို သတ်မှတ် ခံစားမလဲနော်။ ပါးစပ်ကနေ ပြောမယ်ဆိုရင်တော့ ရည်းစားတွေ...ချစ်သူတွေကို ဆိုတယ်လို့  ထင်မှာဘဲဗျ...။ တကယ်လည်း ဟုတ်ခဲ့ချင်ပါရဲ့။ နို့ တဲ့.....ကျွန်တော့်အတွတ် အထက်ဆုံးပါ အတိုင်း သတ်ပုံ မှားလေ၏။ ဆရာမ ပေးတဲ့ ကြက်ခြေခြစ်။ ကျွန်တော့် အတိတ်ရဲ့ ရခဲ့တဲ့ အမှားခြစ်များ....အခြစ်များ...အခြစ်များ...။ ကိုယ်ပြောတဲ့အတိုင်း၊ လုပ်လိုက်တဲ့အတိုင်း သူက လိုက်ဖြစ်ခွင့်မပေး၊ ကျွန်တော် အသံထွက် မှန်သော်လည်း အချို့ က သတ်ပုံ မှားရေးသည်။ ပြောရအုံးမယ်..သိလား။တစ်ခါတုန်းကပေါ့...သိပ်မကြာသေးခင်လေးတုန်းကမှပါ။ ကျွန်တော် မဟာမြိုင်ကနေ ဆင်းလာတော့ လမ်မှာ ငွေ တစ်ရာတန်လေးတစ်ရွက် အလိပ်လေးအတိုင်းတွေ့ တော့ ကောက်မိပါတယ်။ မျက်နှာချင်းဆိုင်တစ်နေရာ မှာ လှမ်းမြင်မိတော့ အထက်တန်းကျောင်းသူ တစ်သိုက် (ထင်ပါရဲ့)။ ကျွန်တော် ဘာကောက်သည်ကို စိတ်ဝင်စားသယောင် ကြည့်ကြသည်။ ကျွန်တော်လည်း ...ခပ်တည်တည်နေရင်း .... ဆောက်တည်ရာ ရှာရင်း ...အင်္ကျီအိတ်ကပ်ထဲ က ဆေးလိပ်တိုလေး..အသာထုပ်ပြီး မီးညှိမိပါတယ်။ ကလေးမလေး တစ်ယောက် ကျွန်တော် အဖြတ်မှာ ကျွန်တော့်ကို အံ့သြသလို ကြည့်ပြီး ပြောတယ်ဗျာ... "အောင်မလေးတော်... ဆေးလိပ် ကောက်သောက်တာတော့" တဲ့။ ဘုရားစူးရချေရဲ့ဗျာ။ တကယ်ပါ။ လမ်ပေါ်က ဆေးလိပ်ကို တော့ ကျွန်တော်တစ်ခါမျှ ကောက်မသောက်ဘူးပါ။ သူတို့  တစ်သိုက်ကတော့ လွယ်အိတ်တစ်လုံးနှင့် ကျွန်တော့် ကို အံ့သြသလို ကြည့်သွားကြသည်။ မတတ်နိုင်ပါ။ ဟန်ကိုယ့်ဖို့  ...ဆိုလို့ ဆေးလိပ်လေးသောက်ပြီး ဟန်လုပ်မိမှ ပို ဆိုးပါရောဗျာ။
ရန်ကုန်ကိုရောက်ခါစတုန်းကလည်း ကျွန်တော် အညာသား သားရေဖိနပ်ကို နှမျောမိရာမှ စီးလေ့  မရှိသော ဖော့ဖိနပ်ကို စီးမိရာတွင် .....ဘတ်(စ်)ကား ပေါ်အတတ်... ချော်ကျမည် စိုးသဖြင့် ဖိနပ်ချွတ်တတ်ရာ စပယ်ယာခမျှာ အားနာလွန်းလှသော လေသံဖြင့်...စီးပါ...ညီလေး..စီးပါ..စီးလို့ ရပါတယ်...သူများတွေလည်း စီတယ်တဲ့..။ ကားပေါ်မှ မြို့ ကြီးသားများက ဘေးဖယ်ပေးကြလေ၏။ ကျွန်တော့်မှာလည်း အားနာသယောင် သူ့ ကားပေါ် ဖိနပ် စီးခဲ့ရလေသည်။ သူများတွေကို ပြန်ပြောမိတော့ ကျွန်တော်ကပဲ မှားနေသလော...သူတို့  ဟားတိုက်ရယ်ကြသည်။ ထို သို့ ထို သို့ များ.... ကျွန်တော့်မှာ အခဲမကြေရင်း....။
တစ်နေ့ ကမှ သတ်ပုံမှား စာတစ်စောင်ကို ဖတ်မိသဖြင့် ...။ ထပ်မံဖြန့် ချိလိုက်ရပါသည်။ ကျွန်တော့်ဆီကို ဘယ်သူ က ပို့ လိုက်သည် မသိပါ။ email တစ်စောင်ကို froward ပို့ ထားပါသည်။ ၂၀၀၈ ရောက်နေတာ ဘယ်လို သိနိုင်လဲတဲ့။ ကျွန်တော် ခေါင်းစဉ်ကို စိတ်ဝင်စားတာနဲ့  attach file ကို ဆွဲ ချ ထားလိုက် ပါတယ်။ မဖတ်ဖြစ်ခဲ့။ အတော်လေးကြာမှ ဖတ်ဖြစ်ခဲ့သည်။ အလုပ်များနေတာလဲ ပါပါရဲ့။ ဖတ်ကြည့်တော့ သူ ပြောတာက ဒီလိုပါတဲ့။
၂၀၀၈ ရောက်နေတာ ဘယ်လို သိနိုင်လဲ။
၁။သင်ဟာ မိုက်ခရိုဝေ့ဇ် မီးဖိုမှာ ယောင်ပြီး password ရိုက်ထည့်မိနေမယ်။
၂။ ဖဲကို တကယ့်ဖဲချပ်နဲ့ မဆော့တာ နှစ်အတော်ကြာသွားပြီ။
၃။ မိသားစု သုံးယောက်ကို ဆက်သွယ်ဖို့  ဖုန်းနံပါတ် ၁၅ ခုရှိနေမယ်။
၎။ ခုံချင်းကပ်ရက် အလုပ်လုပ်တဲ့လူကို ပြောစရာရှိရင် အီးမေးလ်ပို့ တယ်။
၅။ သူငယ်ချင်းတစ်ချို့ အမျိုးတစ်ချို့နဲ့ အဆက်အသွယ်ပြတ်သွားရခြင်းက သူတို့ မှာ အီးမေလ်လိပ်စာ မရှိလို့ ။
၆။ ကားကို ဂိုဒေါင်ထဲထိုးရပ်ပြီး အိမ်က လူတွေကို ၀ယ်လာတဲ့ ပစ္စည်းတွေ လာကူသယ်ပေးဖို့  မိုဘိုင်း ဖုန်းနဲ့ လှမ်း ခေါ်မယ်။
၇။ တီဗီမှာ လာသမျှ ကြော်ငြာတွေအောက်မှာ ၀က်ဘ်ဆိုဒ် လိပ်စာပါနေတယ်။
၈ ။ သင့်ဘ၀ရဲ့ ပထမ ၁၀ နှစ် ၂၀ လောက်မှာ သင်နဲ့ အတူတူမရှိခဲ့တဲ့ hand phone အိမ်က အထွက်မှာ ပါမလာတာနဲ့ သင်ဟာ ထိတ်လန့် သွားပြီး နောက်ပြန်လှည့်ပြီး အမြန်ပြန်ယူတော့တာဘဲ။
၁၀။ အိပ်ရာက နိုးလာတာနဲ့ ကော်ဖီမသောက်ခင် အင်တာနက်ပေါ်တတ်တယ်။
၁၁။ တဖက်လှည့်ပြီး စပြုံးတော့မယ်။
၁၂။ ဒါကို ဖတ်ပြီး ခေါင်းငြိမ့်ပြီး ပြုံးနေပြီ။
၁၃။ ပိုဆိုးတာက သင်ဒီမဲ့ဆေ့ခ်ျကို ဘယ်သူ့ ကို forward လုပ်မလဲ စဉ်းစားနေပြီ။
၁၄။ အလုပ်များလွန်းလို့ ဒီစာမှာ နံပါတ် ၉ မပါတာတောင် မသိဘူး။
၁၅။ အမယ်....နံပါတ် ၉ တကယ်မပါဘူးလာဆိုပြီး အပေါ်က စာကြောင်းကို ပြန်ဖတ်နေတယ်။
...................ပြောပါတယ်။ ၂၀၀၈ ရောက်နေတယ်လို့ ။...............
ကျွန်တော် အပြင်က ပြန်လာတာပါ။ ဟုတ်ပါတယ်။ သူပြောသလိုဘဲ အလုပ်များနေတာ မှန်ပါရဲ့။
ဒီစာတောင် ချက်ချင်း မဖတ်ဖြစ်ခဲ့ဘူးလေ..။ မီးလာသော်လည်း အားအားယားယား အလုပ်နားနေသဖြင့်
သာ ....ဖတ်မိခဲ့။ ဒါနဲ့ နေပါအုံးဗျ၊ မိုက်ခရိုဝေ့ဇ် မီးဖိုတဲ့...။ အဲ့မီးဖိုက လျှပ်စစ်မီး နှင့် သုံးသည်လား....ဘယ်သို့ 
လိုအပ်သနည်း ကျွန်တော်တော့ မသိပါ။ မိုက်ခရိုဝေ့ဇ် မီးဖို ဆိုသည်ကိုလေ ...။ လျှပ်စစ်မီးသည်လည်း အမြဲမရှိ။
တစ်ရက်ခြား လာပေးသည်ကိုပင် ကျေးဇူး တင်လှပါသည်။ လျှပ်စစ် မရှိလျင် ကျွန်တော်တို့ မီးသွေးမီးဖို သုံးရပါသည်။
အဲ့ မိုက်ခရိုဝေ့ဇ် မီးဖိုဆိုသည်ကို မမြင်ဖူးတာ ဖြစ်နိုင်ပါသည်။ ထမင်းပေါင်းအိုးကိုတော့ သိပါသည်။ ရင်နှီးပါသည်။
ထိုသို့ ပစ္စည်းများလော....။
ဖဲကိုတော့ ကျွန်တော် အပြင်မှာ မဆော့ဖြစ်တာ ကြာပါပြီ။ ကွန်ပျူတာနှင့်လည်း မဆော့ဖြစ်တော့ပါ။ အလုပ်များလွန်းနေသဖြင့် လို့ ပြောပြန်ရမည် လည်း မဟုတ်သေး...။ ကျွန်တော် ဘယ်သို့ ပြောရမည်နည်း။ ၀ါသနာ သိပ်မပါလှတာက တစ်ဝက်နှင့် ကျောင်းဆက်မတတ်ဖြစ်တော့လို့ လည်း ဖြစ်နိုင်ပါသည်။
နောက်ပြီး တယ်လီဖုန်းတဲ့....။ ဘယ်ကလာ..ဖုန်းတစ်လုံးရဲ့တန်ဖိုးက နည်းတယ်မှတ်လို့ ...။ ဘယ်လိုလုပ်ပြီး မိသားစုကို ဆက်သွယ်ဖို့ ဖုန်း၁၅ ခုရှိနေ နိုင်မလဲ။ လမ်းလျှောက်ရင်း ပြောလို့ ရတဲ့ ဖုန်းတစ်လုံးက .....၁၇-သိန်းမှ သိန်၂၀ကြားလောက် ကျသည်တဲ့။ ကျွန်တော်တို့ ဘက်တွင် အလုပ်သမားတစ်ယောက် တစ်နေ့ ဝင်ငွေက အများဆုံး မှ ပျမ်းမျှ ၁၅၀၀ကျပ်နှင့် ၂၀၀၀ကျပ် ကြားထဲ ရယ်။ ဘာမျှမစားဘဲ စုမယ်ဆိုရင်တောင်...။ မဖြစ်သေးပါ...။
မော်တော်ကား ဈေးနှုန်းကို လူကြီးမင်းသိပါလေစ....။တစ်လ ...တစ်လ....စားသောက်စရိတ် ကုန်ကျငွေကို
လူကြီးမင်း သိပါလေစ....။ လူအများစုအတွတ် တယ်...မလွယ်လှပါ...။
လုပ်ပြန်ပြီ...။ခုံချင်းကပ်လျက် က သူငယ်ချင်းကို တစ်ခုခုပြောဖို့  အီးမေးလ်ပို့ မယ်တဲ့...။ အထက်ပါအချက်များ ကျွန်တော့် ဆီတွင်တော့ မရှိပါ။
တီဗွီကို မကြည့်ဖြစ်တာကြာတော့ ကြော်ငြာတွေမှာ ၀က်ဆိုက် လိပ်စာ ပါမပါတော့ မသိဘူးဗျ...။
အိပ်ရာက နိုးလာတာနဲ့ ကော်ဖီမသောက်ခင် အင်တာနက်ပေါ် တတ်တယ်တဲ့။ အိပ်ရာက နိုးတော့ ကျွန်တော်သတိရတာ.... ထမင်းကြမ်းတွေက ကြော်လို့ မှ ကောင်းပါ့အုံးမလားလို့ ရယ်ပါ...။ အင်တာနက်ဆိုတာ
ကျွန်တော်တို့ ဆီမှာ ညကြီးနက်မှ ချိတ်လို့ ရတာမို့ ...မနက်စောသုံးဖို့ ဆိုတာ ဖြစ်တန်ခဲ့ဘိလေခြင်း။
အဲဗျာ ....နံပါတ် ၉ မပါတာ ကျွန်တော်လည်း မသိခဲ့ပါ။ ဟုတ်ပါတယ်။ သူပြောတာ အဲ့တစ်ခုတော့ မှန်တယ်။ နို့ တဲ့ သူပြောသလို ပြန်ပြီးဆန်းစစ်ဖို့ သတိမရ....။ မှားယင်လဲ မှားပေမပေါ့...။ ဒီတစ်ခါတည်းမှ မဟုတ်ခဲ့တာကို ဗျာ..။ ဗမာပြည်သားဘဲလေဗျ..။ ခပ်တည်တည်နှင့် မသိချင်ယောင်ဆောင်တတ်ခဲ့ပါပြီ။
ကျွန်တော်တော့ ဒီစာကို ဖတ်ပြီး မပြုံးနိုင်ပါ....။ အခါခါသက်ပြင်းတွေ ချရင်း...။ လူတွေ..လူတွေ...ဒီစာအတိုင်း လူတွေ ရှိနိုင်ပါရဲ့...။ နို့ တဲ့...နို့ တဲ့.....။ အခု ကျွန်တော့်လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အများစု (အားလုံးလောက်နီးနီး) ဆိုလျင် အင်တာနက်ဆိုတာ မပြောနှင့် ။ ကွန်ပျူတာဆိုတာကို မပြောနှင့်...။ မော်တော်ကားဆိုတာ ၁၀၀ တန်ဘတ်(စ်) ၂၀၀ တန်ဘက်(စ်) ရွေးပြီးစီးရင်း.... တစ်နေ့ စာ မိသားစု ဘ၀ လုံလောက်ရုံရယ်....။
၂၀၀၈ ရဲ့ ထူးခြားသတင်းများကတော့ ....
၁။ အချို့ ရွာများတွင် ထမင်းအိုးအား အစောင့်နှင့် ချက်နေရခြင်း...
၂။ မစောင့်လျင် ...အိုးအား ချန်ထားပြီး၊ ထမင်းများအား...ယူသွားတတ်ကြခြင်း....
၃။ သူငယ်ချင်းအများစု အလုပ်ရရန် နိုင်ငံခြား ထွက်သွားကြခြင်း...
၎။ ဘတ်စ် ကားခများ ဈေးတတ်သွားခြင်း....
၅။ ညဘက်မီးလာချိန် နောက်ကျသွားခြင်း.....
၆။ ထန်းလျက်ဈေးကျသဖြင့် ထန်းသမားမိသားစုများ ကျပ်တည်းခြင်း....
၇။ နာဂစ်နှင့် မြန်မာပြည်အောက်ပိုင်း ဖွတ်ဖွတ်ညက်ညက်ကြေခြင်း....
၈။ ရန်ကုန်တွင် ရေရှားသည်ကိုကြုံတွေ့ ရခြင်း....
၉။ ကျွန်တော် လမ်းလျှောက်ရင်း ငွေ ၅၀၀ ကျကျန်ခဲ့ခြင်း....
၁၀။ ငါဆယ်တန်၊ တစ်ရာတန် ၊ နှစ်၇ာတန်မှ စပြီး သူ့ အောက်တန်ဖိုးရှိ ငွေစက္ကူအများစုမှာ အစုတ်အပြဲများသာ များလာခြင်း..
ထပ်ပြောရင် သပ်ပုံမှား...ဖြစ်ရပ်မှားတွေက အများကြီးမို့  တန်ပြီဗျာ.....မပြောတော့ဘူး...တွေ့ ဖြစ်မှ ပီပီသသ လိုက်ပြတော့မယ်...။

Apr 11, 2008

လူကြီးနှင့် လူငယ်

ဟုတ်ကဲ့..။ ကျွန်တော် တို့ ငယ်ငယ်တို့ တုန်းက သင်ခဲ့ရပါတယ်။ သိပ်တော့ မှတ်မိသည် မဟုတ်။
ကျွန်တော် ဒီနေ့ တော့ စဉ်းစားမိပါရဲ့။
ဘာတွေ ကွာကုန်သည် ဖြစ်ပါလိမ့်။ ဒီနေ့ ကလေးတွေ စာမေးပွဲ
ဖြေကြသည်။
ကျွန်တော်က ဖြစ်မြောက်ရေးအဖွဲ့ ကို ကူပေးရင်းရောက်ဖြစ်ခဲ့သည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့
သင်တန်း စာမေးပွဲတဲ့....။ စာမေးပွဲ ဖြေဖို့ ရာ ရပ်ရွာ
ဒေသများမှ အားပေးကြသည်။ ရွာတွေမှ သက်ဆိုင်ရာ
လူကြီးများ လိုက်လာပြီး
စောင့်ဆိုင်းပေးသည်ထိ။ ဒီနှစ်တွင် ဘယ်မှ ဆုရသည် ကိုလည်း စိတ်ဝင်စားကြသည်။ တစ်နယ်လုံးနီးနီး ၀င်ဖြေကြသည်ဖြစ် သောကြောင့်လည်း သူ့ ရွာထက် သူ့ ရွာ...အပြိုင် အပြိုင်။
အကြိုအပို့ အတွတ် ပင် ရွာမှ
ဘုန်းကြီး ကိုယ်တိုင်ကြီးကြပ်သည်။ ကိုယ့်ရွာမှ ဆုရလျှင် တစ်နယ်လုံးတွင်
့ရွာ မျက်နှာပန်းပွင့်သည်လေ။ ကလေးတွေ လည်း တစ်လစာ သင်ကြားထားသော စာတွေ ကို ဖြေဆိုဖို့ ရာ အားတတ်သရော။ အားရစရာကောင်းလှပါသည်။ စာမေးပွဲ ပြီး သောအခါ ကလေးတွေကို အလှူရှင်များမှ ထမင်းကြော်ကျွေးသည်။ အားရပါးရ ဖြေဆိုပြီး ကလေးတွေ တရုန်းရုန်း ဆင်းလာကြသည်။ သူတို့ 
ဆာလောင်နေကြ ဟန်ရှိရဲ့။ ဟုတ်ပေလိမ့်။
မနက်ကြီး ကတည်းက သူတို့ ရွာမှ ထွက်လာကြသည်ဘဲ။
ဆာကြပေလိမ့်။ ထမင်းကျွေးခန်းထဲသို့ ဝရုန်းသုန်းကား ပြေးဝင်လာကြသည်။ ကလေးတွေဆိုသည် ဟန်ဆောင်မှု့ ကင်းကြသည်။ ပန်းကန် အထပ်ကြီးက မျက်စိအောက်တွင်
တဖြုတ်ဖြုတ်....။
ထမင်းကြော်ကို ကောင်းမွန်စွာကြော်ထားပြီး။ သရက်ချဉ်တစ်ခွက်။
ဟင်းခါးတစ်ခွက်။ စားလို့ မြိန်လှသည်။ ကျွန်တော်ကတော့ မထမဆုံး ကလေးတွေနှင့် ၀င်စားထားပြီးသား။ ရွာမှကလေး၊ မြို့ပေါ်မှကလေး အားရပါးရ လွေးကြသည် ကိုတွေ့ ရတော့ အလှူ့ရှင်များ ကျေနပ်ကြသည်။ အားရစရာ။ နို့ တဲ့ ကလေးအင်းအားက
မနှစ်ကထက် အင်မတန်များလာရာ...ပန်းကန်းမငှမှု့ကြောင့် ....ပန်းကန်လွတ်ကို မျက်စိ ကစား ရှာဖွေနေသော ကလေးများ။ စားပြီးတော့မည့် ကလေး ဘေး က ပန်းကန်စောင့်
နေသော ကလေးတွေ မျက်နှာ။
ကလေးတွေ ...ကလေးတွေ ..ထောင်ချီပေလိမ့်။
ကျွန်တော်.... ကျွန်တော့် ကလေးဘ၀ကို သတိရမိသည်။ ကျွန်တော် လည်း
သူတို့ ကဲ့သို မထူးလှ။ ကျွန်တော်တို့ ငယ်စဉ်က ရေခဲသေတ္တာဆိုသည် ကို ကျွန်တော်မမြင်ဘူးခဲ့။ ရေခဲ ဆိုသည်မှာ ဈေးထဲတွင် ငါးကားကြီးတွေ လာမှသာ မြင်ရသည်။ ငါးကားလာလျှင် ကျွန်တော့်တို့  ကလေးတသိုက်က ရေခဲ ခွဲနေသော
နေရာ ဘေးမှာ တ၀ဲဝဲလယ်။ ဘေးသို့ ရေခဲ လွင့်လာလျင်တော့ မအောင့်မေ့ပေနှင့် ...။ အနီးဆုံး ကလေးက
ကောက်ပြီး ကျောင်းထဲပြေးရသည်။ ပြီးတော့ မှ ရေဆေးပြီး ဝေစားကြသည်။
ဒီနေ့ ကလေးတွေကို မြင်ရတော့  ကျွန်တော့် ကလေးဘ၀ကြည်နူးစရာ အတိတ်လေးတွေ တန်းစီနေပါတော့သည်။
သူတို့ က ကျွန်တော့်ကို ဦးလေးတဲ့။
သူတို့ လက်ထဲတွင် မေးခွန်းစာရွက်တွေ ကိုယ်စီနှင့်။ ကျွန်တော် ကလည်း ကလေးတွေကို ထမင်းထည့်ပေးရင်း... ဘာရယ်မဟုတ် ၀တ္တရားအရ မေးသည်။ ဖြေနိုင်လားပေါ့။
တချို့ ကတော့ပြုံးလို့။ တချို့က တော့ သိပ်မရပါတဲ့။ ကျွန်တော် မေးခွန်းစာရွက်ကို ယူကြည့်သည်။ ခပ်တည်တည်နှင့်ပေါ့။ တစ်ပုဒ်မျှပင် တိတိကျကျ မဖြေနိုင်ပါ့လားဗျာ။ ဒါတောင် အလယ်တန်းအဆင့် မေးခွန်းတဲ့ဗျာ။
ကျွန်တော် ခပ်တည်တည် ပြုံးလိုက်ရသည်။ အဖြေကို မမေးတာ တော်သေးသည်လို့ ဘဲ သက်ပြင်းချမိသည်။ ကျွန်တော် မကျေနပ်...။ ကျွန်တော့်ညီမ၀မ်းကွဲ တစ်ယောက်လည်း ၀င်ဖြေသည်။ သူ့ က အငယ်တန်း။ သူ့ ဆီက မေးခွန်းတောင်းသည်။ သူကဖြေနိုင်သည်တဲ့။ သူဖြေခဲ့သည်များကို ပြန်ပြောပြသည်။
ကျွန်တော် တော့ ခေါင်းညိတ်
နေရုံသာ။ မသိပြန်ပါ။ ကျွန်တော် ရင်တုန်လာသည်။ မဖြစ်သေးပါ။
အဘယ်ကြောင့် နည်း။
ကျွန်တော်ဘဲ လွဲနေသလော။ ကျွန်တော် မေးခွန်းစာရွက်တွေ အစုံတောင်းယူလိုက်သည်။ မေးခွန်တွေက အငယ်တန်း၊ အလယ်တန်း၊ အကြီးတန်းနှင့် အဘိဓမ္မာတန်း ထိရှိလေသည်။ ၀ိုင်းကူသော လူများ ၊ စာမေးပွဲခန်းစောင့်သောလူများ၊ လူကြီးများကို တစ်ခုစီ လိုက်မေးသည်။ ထိုမှပင် ကျွန်တော် သက်ပြင်းကြီး ကျပါတော့သည်။ ငါတစ်ယောက်တည်း မဟုတ်ဟု။

Apr 6, 2008

ဟုတ်ကဲ့...ဆရာ့

ဟုတ်ကဲ့ ဆရာ့။ ကျွန်တော် နှုတ်ဆက်မိတယ်။ ဟုတ်ပါတယ်။ အကျင့် ပါသွားတာ
လို့ ပြောရမယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်ကို စာသင်ပေးတဲ့ ဆရာတွေကို ခေါ်ခဲ့ပါတယ်။ ဆရာကြီး။ ဆရာက ပြောတဲ့ အခါတွေမှာ လက်လေးပိုက်လို့  ရိုရိုကျိုးကျိုး နာခံလေ့ရှိပြီး တုန့် ပြန်တော့...ဟုတ်ကဲ့..ဆရာ့။ ကျွန်တော် စဉ်းစားမိခဲ့ပါတယ်။ ကျွန်တော် ဆေးရုံပေါ် ရောက်တော့ ....။ ကျွန်တော့် အဒေါ်တစ်ယောက် ဆေးရုံ တတ်တာပါ။
ကျွန်တော့် ဘေးမှ အစ်မနှင့် စကားပြောရင်း...။ဆရာဝန်တွေ ပတ်နေသဖြင့် ကျွန်တော်တို့ 
အပြင်ထွက် ရှောင်နေရင်း စဉ်းစားမိခဲ့ ။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်
ဆရာတွေကို ဆရာခေါ်ခဲ့။ အရွယ်ရောက်လာတော့ ....ဆရာတွေ တပုံကြီး ရခဲ့။ သင်ရင်း၊ပြင်ရင်း ဆရာတွေက အများသား။ လမ်းပြ ပုလိပ်ကို တုန်ရီစွာနဲ့  ပြောခဲ့ရ...
ဟုတ်ကဲ့ ဆရာ့။ မှတ်ပုံတင်ပျောက် ပြန်ရဖို့  ဦးစီးရှေ့ သိမ်မွေ့ စွာ ပြောခဲ့ရ ...
ဟုတ်ကဲ့ ဆရာ့။ ဆေးရုံရောက်ရပြန်တော့ ဆရာဝန်တွေရှေ့ လေးစားစွာ ခေါ်ခဲ့... ဆရာ့။
ဝပ်ရှော့ ဆရာ ကားပြင်ရင်း ခေါ်ခဲ့...ဆရာ့။ စက်တွေ အကြောင်း လေ့လာရင်း
တွင်ခုံ ဆရာရှေ့ စူးစမ်းလို စိတ်နှင့် ခေါ်ခဲ့ ဆရာ့။ ဟုတ်ကဲ့ ဆရာ့။ ဟုတ်ကဲ့ ဆရာ့။
ဟုတ်ကဲ့ ဆရာ့။ ကျွန်တော် ငြီငွေ့ ခဲ့ပါပြီ။ တစ်ယောက်တွေ့ တော့ ဆရာ့။ နောက် တွေ့  တော့လည်း ဆရာ့။ ကျွန်တော် ကျောင်းပြီးသောအခါတွင် ဘာမျှမလုပ်ဘဲ အတော်ကြာအောင် နေပါသည်။ အလုပ်မရသည် ကလည်း ပါပါရဲ့။ ကျွန်တော့် သူငယ်ချင်းများအချို့ က သင်တန်းများတွင် စာသင်ကြသည်။ သူတို့ နှင့် လမ်းလျှောက်ရင်း သူတို့ ကို လမ်းတွေ့ 
သောလူ အချို့ က ခေါ်ကြသည်။ ဆရာ့တဲ့။ ကျွန်တော်တို့  လ္ဘက်ရည်ဆိုင် ထိုင်ဖြစ်ကြတော့ သူတို့ တပည့် တွေလည်း လိုက်ထိုင်ကြသည်။ ကျွန်တော့်ကို မေးသည်။
ဘာလုပ်နေသနည်းတဲ့။ ကျွန်တော့်မှာ မယ်မယ်ရရ ပြစရာအလုပ် မရှိ။ ကျွန်တော် အပြေးအလွှား စဉ်းစားသည်။ ကျွန်တော် ပြန်ပြောမိသည်။ စာသင်နေသည်လို့ ။
သူငယ်ချင်းများ ကျွန်တော့်ကို အားကျသလို ကြည့်သည်။ ဟုတ်သည်ဘဲ။
အပြင်ဆယ်တန်း ကျူရှင်ဆရာတစ်ယောက် ၀င်ငွေက နည်းမှ မနည်းတာကိုဗျာ။
ကျွန်တော် ဆက်မပြောဖြစ်တော့။ သူတို့ လည်း သူတို့  စကားနှင့် ကျွန်တော်လည်း စာဖတ်ရင်း...နောက်မှ ဆရာကြီးတဲ့။ သူတို့  လှည့်ကြည့်သည်။
နို့ တဲ့ ကျွန်တော် သိတာပေါ့။ အဲ့အသံက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော တပည့် အသံဘဲ။ ကျွန်တော့်ကို ခေါ်တာ ...သူတို့ ကို ခေါ်တာမှ မဟုတ်ဘဲ။ ကျွန်တော့်တပည့် ရှောင်ကွမ်းပါ။ ကျွန်တော် အလယ်တန်းကျောင်းသာ ဘ၀တုန်းက စာသင်ပေးခဲ့ တဲ့ ဆရာမရဲ့ သားလေးပါ။ ဆရာမက ကျွန်တော့်ဆီ အပ်ထားသည်။ ကျွန်တော်လည်း တစ်ယောက်တည်း ပျင်းနေရာ အံကျလှပြီ ဆိုပြီး လက်ခံထားသည်။ မိုးချုပ်ဘက်တွင် ရှောင်ကွမ်း လာချင်အောင် ကျွန်တော်က မုန့် တွေ ၀ယ်ထားရသည်။ အတော်နှင့် ပေါ်မလာလျင် မုန့် ထုပ်နှင့် သွားခေါ်ရသည်။ အိမ်မှ မုန့် က ပိုကောင်းသည်လို့ လည်း မဲဆွယ်ရသေးသည်။ ကျွန်တော် ရှောင်ကွမ်းကို ``၀´´လုံး ရေးနည်း သင်ပေးရသည်။ ကလေးက သူ့ အဖေနှင့် မုန့် လာစားရင်း ကျွန်တော့်ကို တွေ့ တော့ခေါ်သည်။ ဆရာကြီးတဲ့။ သူငယ်ချင်းများ ကျွန်တော့်ကို ကြည့်သည်။ ကျွန်တော် ရှောင်ကွမ်းကို ပြန်ပြုံပြရင် ခပ်တည်တည်နှင့်ပြောခဲ့သည်။ အဲ့ဒါ ငါ့ရဲ့ တစ်ဦးတည်းသော တပည့် ရှောင်ကွမ်းတဲ့ပေါ့။ ရှောင်ကွမ်းနှင့် မိတ်ဆက်ပေးခဲ့သည်။ အဲ့ အချိန်မှ စပြီး ကျွန်တော် သတိ ထားမိခဲ့သည်။ ဆရာတဲ့။ အချို့ က ပြောကြသည်။ သူများတွေများ ဘယ်သို့  ဖြစ်နေကြသည်။ ဘယ်နေရာမှာ ဆရာကြီးဖြစ်နေကြသည် စသည်ဖြင့် ပြောလာလျင် ကျွန်တော် ပြန်ပြောသည်။ အဲ့ဒါများ လွယ်လွန်း လို့ ပေါ့။ လွယ်အိတ်တစ်လုံးနှင့် သိမ်ကြီးဈေး ကို ပတ်လျင် ဆရာခေါ်တဲ့လူတွေ ပုံလို့ ပါလို့ ။ ကျွန်တော် အားသည့်အခါများတွင် ဖုန်းကို ကိုယ့်ဘာသာ ပိတ်ထားပြီး ခေါ်သည်။ ထိုအခါများတွင် တယ်လီဖုန်းထဲမှ ``လူကြီးမင်း၏ တောင်းဆိုချက်ဖြင့် ....´´အစချီသော အသံကို အားရအောင် နားထောင်သည် လို့ လည်း ကလိသည်။ ဟုတ်သည်ဘဲ ကျွန်တော့်ကိုလည်း ဆရာ ခေါ်တဲ့ လူတွေ ရှိသလို လူကြီးမင်းလို့ ပြောတဲ့လူတွေလည်း ရှိသေးတာဘဲနော်။ နောက်ကျွန်တော်ကြားဖူးတဲ့  ပုံပြင်လေးတစ်ခုကို ပြောပြသည်။ တစ်ခါတုန်းက သာလိကာ ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ လူတစ်ယောက် ၀ယ်ဖို့ရာ ရောက်လာပြီး ဈေးမေးသတဲ့။ ရောင်းတဲ့လူက ပြောတယ်။ တစ်သိန်း။ ၀ယ်သူ လန့်သွားတယ်။ ဘယ်နှယ့်ဖြစ်သနည်း။ မဖြစ်နိုင်တာဘဲ။ ဘာတွေတတ်လို့ တုန်းမေးသတဲ့။ ရောင်းသူက ပြောတယ်။ သူက အင်္ဂလိပ်လို ကျွမ်းတယ်တဲ့။ ၀ယ်သူက စမ်းကြည့်တယ်။ အဟုတ်ကို ဘဲ ပြောနိုင်နေတာ တွေ့ သတဲ့။ သူလည်း ကြည့်ရင်း နောက်တစ်ကောင် ကို ဈေးမေးတယ်။
၃ သိန်းတဲ့။ ဒီတစ်ခါ တော့ လွန်ပြီးပေါ့။ ၀ယ်သူ က တွတ်ပါတယ်။ ဘာတွေ တတ်သတုန်း မေးပြန်ရော။ ရောင်းသူက ပြန်ပြောတယ်။ အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ကြိုက်သလို စမ်းကြည့်လို့ ရတယ်တဲ့။ ၀ယ်သူက စမ်းပြန်တော့ ဟုတ်နေပြန်သတဲ့။ သူအံ့သြ ရပြီ။ စူးစမ်းလို စိတ်နဲ့  နောက်တစ်ကောင်ကို မေးပြန်တော့ ....၅ သိန်းတဲ့။ သူ အတော်လေး ထူးဆန်းနေမိပြီး
သူ ကကော ဘာတွေတတ်တုန်း မေးသတဲ့။ ရောင်းတဲ့သူက ပြန်ပြောတယ်။ သူက
အခုထိတော့
ဘာမျှ မပြောသေးပါဘူး။ ဒါပေတဲ့ ဘေးက နှစ်ကောင်က ဆရာခေါ်တယ်တဲ့။ ကျွန်တော် သူငယ်ချင်းများကို ထိုပုံပြင်လေး ပြောပြပြီး .....သူတို့ ကို နှစ်နှစ်ကာကာပဲ ခေါ်ပစ်သည်။ ဆရာ။ ကျွန်တော် တို့ သူငယ်ချင်းများ တွင် တစ်ယောက်တစ်လှည့် ဆရာခေါ်သော အလေ့ အကျင့် ယနေ့ ထိ ရှိဆဲပါ။ နို့တဲ့.....ဆေးရုံဝန်းထဲတွင် ကျွန်တော်
နှင့် အစ်မ..... ခေါ်ခဲ့ကြသော ဆရာ....ဆရာ....ဆရာ...ကိစ္စကို ဆွေးနွေးရင်း...ကျွန်တော် စဉ်းစားရင်း...စဉ်းစားရင်း.....ခပ်မှိန်မှိန် မီးရောင်အောက်မှ ဖတ်လက်စ စာအုပ်ကို ပိတ်လိုက် မိပါသည်။ မဖြစ်သေးပါ။ ကျွန်တော့် မျက်စိကို ဂရုစိုက်ရပါအုံးမည်။ ဟုတ်ဘူးလား..... ဆရာရယ်နော်။
ကျွန်တော့်ကိုလည်း ယခုအခါ ဆရာခေါ်သောသူ တွေ များလှပါသည်။
ဘယ်သို့ ဖြစ်သနည်း။ ကျွန်တော်ကိုယ့်ဘာသာ ဆန်းစစ်မိသည်။ နားစိမ်းလှချည်သေးရဲ့။

Mar 19, 2008

ငါးလေးတစ်ကောင်

ကျွန်တော် တစ်နေ့ က (၄၀)ကျော် လူကြီးများနှင့် ထိုင်ပြီး စကားစမြည်း ပြောဖြစ်တော့....။ သူတို့ က သူတို့ စကားတွေကို အတည်ပြုဖို့ ပြောနေကြပါရဲ့။
တစ်ယောက်က အချစ်ဆိုတာ ပေးဆပ်ခြင်း။ နောက်တစ်ယောက် က ရယူခြင်း။ နောက်တစ်ယောက်က နီးစပ်ခြင်း၊ဖူးစာဆိုတာ ဦးရာလူတဲ့ ။ ပြောပြန်ရော... နောက်တစ်ယောက်က ကြိုက်ရောင်း၊ကြိုက်ဝယ်ပါတဲ့။ သူတို့ ကတော့ တစ်ယောက်ချင်း
သူတို့ ခံယူချက်တွေ ကို ရှင်းပြ အတည်ပြုလို့ ။ တစ်ယောက်ချင်းစီတော့
ဟုတ်နေတာဘဲ ဗျ။ နောက်ဆုံးတစ်ယောက်က ပြောတယ်။ ``အချစ်ဆိုတာ လွတ်တဲ့ ငါး ကြီးတာပါတဲ့´´။
အားလုံး ငြိမ်သွားလေရဲ့။ သူတို့ အားလုံး နီပါးက
အိမ်ထောင်သည် တွေပါ။ အချို့ က လူပျိုကြီးတွေ။ သူတို့ ထောက်ခံသည်ရှိရဲ့။ ကျွန်တော်လည်း စဉ်စားမိပါသည်။ ဖြစ်တန်ပါရဲ့။ လွတ်သွားတဲ့ ငါးကို မှ ကြီးတယ်လို့ ထင် တတ်တာ လူ့ သဘာဝကိုနော်။ လွတ်တဲ့ငါးကြီးတာတော့ ဟုတ်ပါပြီ။ မိတဲ့ငါးကို ကျွန်တော်တို့ ဘယ်သို့  လုပ်ကြမည်နည်း။ ကျွန်တော် ဆက်စပ်ပြီး စဉ်းစားမိသည်။
လူတွေ ...လူတွေ ကိုယ်စီက အချစ်ဆိုတဲ့ ငါးလေးကို ဖမ်းဖို့ ကြိုးစားကြသည်။ ဖမ်းနည်းကလည်း ပေါင်းစုံ။ အချို့က ကတောင်းကျိုက် မရအရ လိုက်ဖမ်းကြသည်။
ဇွတ်အတင်း ...အချစ်နှင့် စစ်မှာ မတရားတာ မရှိဘူး ဆိုပြီး တစ်မျိုး။ တုံးခုလို့ မှ လှမ်းလို့ 
မရရင် တံချူနဲ့ ခူး ပြစ်မယ်ဆိုပြီး တစ်ဖုံ။ သူတို့ က သဲကြီး မဲကြီး။ ဖူးစာဆိုတာ ဦးရာလူပါ
ဆိုတဲ့ လူတွေ အတွတ်ပေါ့နော်။
အချို့ က ပုရိသ သိပ္ပံ ဓနံ ဆိုတဲ့ ....လောကနီတိအဆို ကို အတည်ပြုလျက် ကျွန်တော်တော့ ဘာလေးတွေ တတ်ပါတယ်။ ဘာလေးတွေ လုပ်နေပါတယ် ။ သူတို့  တတ်တာလေးတွေကို ငါးစာလုပ်ပြီး ငါးမျှားချိတ်လေးတွေ နှင့် အချစ်ဆိုတဲ့ ငါးလေးကို ဖမ်းကြသည်။
အချို့ကတော့ ငွေသည် အရာအားလုံးကိုဖန်ဆင်းသည် ဟု တွတ်ချက်လျက် အချစ် ဈေးကွက်စနစ်နှင့် အဲ့ထဲက ဘယ်တစ်ယောက်ရရ ယူမယ်။ ပြောတာတော့ အကုန်ပြော လိုက်။ အမေ၊ အဖေရေ လုပ်ပါအုံး ......စသည်ဖြင့် အာဏာ ၊ပါဝါသုံးပြီး ပိုက်ကွန်ကြီး နှင့် ဖမ်းကြသည်။
လူတွေ လူတွေ မိကြပါသည်။ အချစ်ဆိုတဲ့ ငါးလေးကို မိကြပါသည်။ ကျွန်တော် စဉ်စားမိတာလေးကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ပြောဖြစ်တော့ သူက
ကျွန်တော့်ကို
ပြန်မေးတယ်။ ကျွန်တော်ကကော ဘယ်သို့ ဖမ်းနေသနည်းတဲ့။ ကျွန်တော် စဉ်းစားသည်။ကျွန်တော်မှာ ကို့ ယို့ ကားယား ဖမ်းလောက်အောင်လည်း အရှက်မမဲ့။
ငါးမျှားချိတ် အစာချိတ်
လောက်အောင်လည်း အတတ်ပညာမရှိ။ ပိုက်နဲ့ အုပ်ပြီး မိချင်တာမိ ပြစ်ဖို့ ကလည်း မရှိ။ အဲ့လို မျိုးကို ရှိသည်ထားအုံး ....ကျွန်တော် လုပ်မည်မဟုတ်ပါဟု ယုံကြည်မိပြီး ....ကျွန်တော်ပြောဖြစ် တယ်။ ကျွန်တော်ကလည်း တမင် တကာ ငါးဖမ်းသူ တစ်ယောက် မဟုတ်တောင် ....ငါးတွေကို အလှကြည့်နေရရင်ဘဲ ကျေနပ် နေသူပါပေါ့....
နို့ တဲ့ အကျင့်အရတော့ ရေထဲတွင်
လူလွတ်တို့ ထုံးစံအတိုင်း လက်လေးတော့ ချထားမည်ပေါ့။ ၀င်လိုလျင် ၀င်လာပါ။ ထွက်လိုလျင်လည်း ထွက်သွားပါ။ နို့ တဲ့ မကိုက်ဖို့ တော့ တောင်းပန်ပါရဲ့ လို့ ပြောမိပါတယ်။
ကျွန်တော် ဆက်ပြောဖြစ်တယ်။ မိတဲ့ငါးလေးက ဖမ်းမိပြီး နေရာသစ်လေးမှာ စမ်းတ၀ါးဝါး ပျော်ပါတယ်။ ရောင်စုံမီလေးတွေ ....ရေမှော်လေးတွေ ....ပြီး တော့ ခပ်လှလှ မှန်ကန်လေးထဲမှာ...။သူမရောက်ဖူးတဲ့ စိတ်ကူးယဉ် အိပ်မက်ထဲက နေရာလေးဘဲ။ အစားချိန်ကျလည်း အစာ...။ရေလဲချိန်မှာ ပိုင်ရှင်က ရေလဲပေးလို့ ....။သူ့ ကို ဂရုစိုက်ပါရဲ့။ အဲ....အဲ့ငါးလေး ဘယ်လောက် ပျော်နိုင်မလဲ။ သူ ပျော်နိုင်ရင် ..... နှစ်ပိုင်းပေါ့....။ တစ်နေ့ လာ ဒီရှု့ခင်း ၊ ဒီမြင်ကွင်း ၊ ဒီအစာ....သူ ငြီးငွေ့ လာပါပြီ။ငါးလေး ပျင်းပြီ။ ပိုင်ရှင်တွေကလည်း ..ဂရုစိုက်တာ လျော့လာတယ်။ အစားချိန် မမှန်တော့။ အောက်စီဂျင် မ၀ရေစာနဲ့ ....။
သူမွန်းကျပ်လာပြီ။ နောက်...ရက်လွန်သွားတော့ရင် ... သူ သေပါတော့ တယ်။
အချို့ က ချက်ချင်းဘဲ ခုတ်ထစ် စားသောက် ပြစ်ကြတယ်။ ကွာရှင်းတယ်။ ပျက်စဲတယ်။ ဖြစ်ကုန်ရော...။သူတို့ ရဲ့ အချစ်ဆိုတဲ့ငါးလေး ပျောက်ပျက်သွားပါရဲ့။ အချို့ ကတော့ ...အပျောက် အပျက်မခံ...ဇွတ်အတင်း ပုပ်သိုးခွင့် မပေး။ သူ့ ခမျာ အတင်း အေးခဲ ခံရလေတော့သည်။ ကွာပြစ်ရင်...... သူ့ ကိုပေးရမှာ တစ်ဝက်၊ ပြီး သားကိုကော သူခေါ်ထားမှာ...။ ငါ့ဘက်က အရှုံချည်ဘဲ။အရပ်ထဲ တစ်ခုလပ်၊ တစ်လင်ကွာ ...အို မလွယ်ပါ တွေးပြီး သူတို့ ချစ်ခြင်းတရားကို ရေခဲသေတ္တာထဲ ထည့်ပြီး ပုပ်သိုးခွင့်မပေးကြ။ အချို့ ကျတော့လည်း ...... အို လင်နဲ့ မယား လျှာနဲ့ သွား... နီး တကျက်ကျက် ဝေးတသက်သက်က စိတ်လက်ရွှင်ပုံ ရူးသူ့ ဘုံမို့  .....ပြန်ချည်အုံးစို့ မင်းနဲ့ ငါ...နေလေးပြလိုက်၊ မီးလေးပြလိုက်၊ အခြောက်ခံလိုက် ။ ရေလေးထဲ ချလိုက်။ ဆားပတ် အချစ်နှင့် တာရှည် ခံနေလေသည်။
ကျွန်တော်ကော...ဘယ်သို့  ဖမ်းခဲ့သနည်း.....။မိပြီလား။ အခြေအနေကော
ဘယ်သို့ နည်း။ အချို့မေးကြ၏။ကျွန်တော် ပြန်ဖြေဖို့  စဉ်းစားရင်း ...စဉ်းစားရင်း... ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေး တစ်ပုဒ်ကို ရွတ်ပြ မိပါတယ်။

တရားဦး ဟောလှည့်ပါ

`ကာမဘောင် ရှုပ်အထွေးကိုလ
ပျိုလေးမယ် မခင်လို့ 
ရုန်းချင်ပြီ ´ ဆုပန်ကြားသူရဲ့
တားမြစ်ဖို့ ခွင့်မသာ။

နှစ်ကိုယ်တွဲကာပ
သည်ဝဲ သံသရာက
သောင်ခေမာ ဟိုတစ်ဖက်ဆီသို့ 
ဖောင်မဂ္ဂင် ဆင်ကာကူးမယ်လို့ 
ဆုထူးကို ပန်ညီသော်လည်း
ပါရမီ မောင်မရင့်သော်ကြောင့်
သွားနှင့် သက်လျာ။

ဇတ်မတူ အမူကြမ်းသူဖြင့်
သောင်ကမ်း မမြင်နိုင်လို့ 
တပင်တိုင် နာဝါပျက်လိုပ
သံသရာ သည်ဂယက်မှာလ
စုန်တစ်ခါ ဆန်တစ်ချက်ကယ်နှင့်
မျောလျက်ကွဲ့ ယောင်ချာချာ
တွယ်ရာဖြင့် ရှိနိုင်ဘူး။

သို့ အကြောင်းရယ်ကြောင့်
ချစ်ဟောင်း နွယ်သာကီရဲ့
ပါရမီ ပြည့်လျှံဖြိုးကာပ
တန်ခိုးတွေ တလူလူနှင့်
ဘိက္ခူနီ ထေရီ ဖြစ်တော့ခါ
မောင်ချစ်ကို မယ်သနားတာဖြင့်
တရားမွန် မှန်သဘောကို
ဟောလှည့်အဦး။

မင်းသုဝဏ်(၂၂ ဇွန် ၁၉၃၃)

Mar 14, 2008

တွေ့ ခဲ့လေသမျှ


ဟုတ်ကဲ့....ကျွန်တော် ဒီရက်ပိုင်းတွေ မှာ အလုပ်များသလား ဆိုတော့လည်း မများပါ။ အားသလားဆိုတော့လည်း မအားပါ။ ကျွန်တော့်ကို အယင်အခါများ တွင် ဘာလုပ်နေလဲ ဟု အကောင်းမေးသည် ဖြစ်စေ.....တမင် လျှောက်လည် နေမှန်းသိသိ နှင့် မေးသည်ဖြစ်စေ...
ကျွန်တော် လေရှုနေတယ်ဟု ပြောလေ့
ရှိပါသည်။ အချို့က နှာခေါင်းရှံ့ကြ၏။
ဒါအလုပ်မဟုတ်ဘူး ဟု အချို့ ကပြန်ပြော
တတ်၏။ ထိုအခါမျိုးတွင် အလုပ်မဟုတ်ဘူး
ထင်လျင် ခင်ဗျား နှာခေါင်းကို
နာရီဝက်လောက် ပိတ်ထားကြည့်ပါ ဟု ကျွန်တော် ပြန်ပြော၏။
ထိုသူများ
ပြန်မပြောတော့ ။ နို့ တဲ့ ကျွန်တော် ဒီတစ်ခါ ဗျာများမိသည် ဟုပြောလျင် ဟုတ်ပေလိမ့်။
ကျွန်တော် စိတ်မအား လှ။ ဆယ်တန်း စာမေးပွဲ နီးလာ
သဖြင့် သူငယ်ချင်းများက ပညာဒါန
ခေါင်းစဉ်နှင့် စာသင်ပေးကြရင်း
ကျွန်တော့်ကိုလည်း အဖော်ညှိသဖြင့် ကျွန်တော်လည်း
ကိုယ်အားရာ အခန်းမှ
ပါဝင် အားပေးရပါသည်။ ကျွန်တော် စာတွေကို သိပ်မရင်းနှီးလှ။
ဒါပေတဲ့ 
မြန်မာစာ ရေသည်ပြဇာတ်၊ ကဗျာ ၊ စကားပြေ အချို့ ကို တော့ ကျွန်တော်
စာအုပ်ကြည့်ပြီး ဖတ်နိုင်သေးသည်ဘဲ။ ကျွန်တော် သင်ပေးခဲ့ပါသည်။ တစ်လောလေး ကမှပင် ကျောင်းသူကျောင်းသားများက ဆရာကန်တော့ပွဲ ဆိုပြီး ကျွန်တော့်ကို ကန်တော့ခံတဲ့ဗျာ။
ဖိတ်ပါရဲ့။ ကျွန်တော် မသွားရဲပါ။
မသင်ဖြစ်တာ များနေတာလည်း ပါပါရဲ့။
ကျွန်တော် မလာဘူးလို့ ပြောတော့
ဆရာတစ်ယောက် က သူ့ ဥပမာ ပေးသည်။
ကျွန်တော်က သူ့ လို အဖြစ်များ
ဖြစ်နေ သလောတဲ့ ။ သူက ကျူရှင် ဆရာတစ်ယောက်ပါ။
ကျောင်းဆရာ
ပေါက်စ ဘ၀ တွင် ကျောင်းသူတစ်ယောက်ကို ပညာဒါန စာသင်ပေးဘူး သည်တဲ့။ သူသင်ပေးတဲ့ ကျောင်းသူက စာမေးပွဲဖြေပြီး ရွာပြန်။ ပြန်လာတဲ့ အခါကျ ရွာအပြန် လက်ဆောင်တွေနဲ့ ကန်တော့ ရော...။ အဲ့မှာ သူက ထိုင်ကန်တော့နေတဲ့ ကျောင်းသူကို ပျာယီးပျာယာတား မိတယ်တဲ့...။ ``မကန်တော့ပါနဲ့ အေ......ငါ...ညဉ်းကို ပြစ်မှားတာနဲ့ ကျေပါတယ်တဲ့။´´
ရယ်စရာ အဖြစ် ပြောသလောတော့ ကျွန်တော် မသိပါ။ နို့ တဲ့....ကျွန်တော် ဆရာကန်တော့ပွဲကို
မသွားဖြစ်ခဲ့။ ကျေပါတယ် ဟု တွတ်ထား
၍ မဟုတ်ရိုး အမှန်ပါ။
ကျွန်တော် မကြာမကြာရောက်တတ်သော နောက် နေရာလေးတစ်ခုက သင်္ချိုင်း။
ဟုတ်ပါသည်။ ကျွန်တော် သုဂတိရှင်နှင့် လိုက်တတ် သည်ဘဲ။ သေကြသူများ။ ငိုကြသူများ။
ကျွန်တော်တို့ ဆီတွင် အလောင်းအား
ကားပေါ်တင်ပြီး လူများက နောက်မှ ခြေလျှင်လိုက်ကြသည်။ ကျွန်တော်တို့ က ဖြေးဖြေးလေး မောင်းရင်း.....ကွမ်းဝါးရင်း.....။ အချို့ အသုဘရှင်များက ကားပေါ်မှ လိုက်လေ၏။ သူတို့ က တတွတ်တွတ် ငို ရင်း။ ကျွန်တော်တို့ က ချွေးသိပ်ရင်း။ ငြိမ်သက်ရင်း။
အချို့ အငို မဆဲကြ။ ဖွဲ့ ဖွဲ့ သီသီငိုလေ၏။ လူအချို့ 
အဖွဲ့ ကောင်းသည်ကို ဆရာဝန်တစ်ယောက် က ပြောပြဖူးပါသည်။
``အမေရေ..
အမေရဲ့.....အမေ့ကို ကုတဲ့ ဆရာဝန်လာပြီလေ.....အမေရဲ့....ထကြည့်ပါအုံးတဲ့။´´
ကျွန်တော့်ကို လူတစ်ယောက်က ပြောပြဖူးပါသည်။ တစ်ခါတုန်းကတဲ့ ....လူတစ်ယောက်က သူမိန်းမ ဆုံးသွားရာ....အရပ်ထဲမှ လူငယ်များထမ်းပို့ ရင်း...လမ်းတွင် အလောင်းသည် သစ်ကိုင်းနှင့်
တိုက်မိရာမှ ....သေပြီထင်သော မိန်းမ...ပြန်ရှင်
လာ လေသည်တဲ့။ ပြန်ခေါ်လာပြီး
တစ်နှစ်၊နှစ်နှစ်ပေါင်း .....ချူချာသောမိန်းမ
နောက်တစ်ခါ သေပြန်လေ၏တဲ့....။
နောက်တစ်ခါလည်း ထမ်းပြီး...သချိုင်္င်း အသွား .....
ယောက်ျား ဖြစ်သူက အရပ်အထမ်းသမားများကို ပြောသတဲ့....
``ဟိတ်ကောင်တွေ
သစ်ကိုင်းတော့ လွတ်အောင်ရှောင်နော်တဲ့.....´´။
ကျွန်တော်တို့ တော့ ထိုသို့ ပြော
သော ယောက်ျား၊ မိန်းမ မတွေ့ ဖူးသေးပါ...။
ကျွန်တော့်တို့ ကို တစ်ခါတုန်းက
ရွာမှ အသုဘလိုက်ပို့ သော အဘွားကြီး က တော့
ချီးမွမ်းဘူးပါသည်။ ဒီက
သုဘရာဇာတွေ က ချောချော သန့် သန့်လေးတွေ ပါလားတော့တဲ့။

Jan 6, 2008

အညာမြေမှ မမေ့ဖွယ်ရာ

ဟုတ်ကဲ့ ကျွန်တော် အကောင်းတော့ ပြောမှာမဟုတ်ဘူးနော်။လက်ကလည်း သိပ်လှုပ်လို့ မကောင်းသေးတော့ စာတောင်ရိုက်လို့ မကောင်းသေးဘူး။စိတ်ကလည်း သိပ်မရှင်းလှ။ဒီနေ့ ကိစ္စကို နောက်မှပြောပြမယ်။ကျွန်တော် ကိုယ်က အမှတ်မရှိသလား။သူတို့ ကဘဲ လွန်လွန်း နေသလား။ကျွန်တော်ဘဲ ပြောင်းလဲရမလား။သူတို့ ကဘဲ စနစ်ပြောင်းလဲဖို့ လိုနေသလား။တစ်ခုခုတော့ မှားနေပေပြီ။လွန်ခဲ့သော တစ်ပါတ်လောက်က ကျွန်တော် သုဂတိရှင် ဘက်ကို သွားခဲ့သည်။ကုန်းမြေ သိပ်မညီလှသော မြို့ဖြစ်ပြီး ကုန်းတက်၊ကုန်းဆင်းတွေ ပေါလှသည်။ကျွန်တော် သွားမည့် ဘက်က ကုန်းတက်ဘက်။ကျွန်တော် ဆိုင်ကယ်နှင့် ကီလို ၄၀ ကျော်လောက် ရှိမည် ထင်သည်ပါ။လူလည်းသိပ်မရှုပ်လှသည်မို့ ကျွန်တော် သည်လောက်တော့စီးခဲ့ပါသည်။ကိုယ့်ဘက်လမ်းဘဲဗျနော်။သိပ်မမြန်လှပါဘူးနော်။ကျွန်တော် ခပ်သုတ်သုတ်စီးသွားရင်း ...ဂျိုင့်တွေထဲမှာ ကျ တော့လည်း တဒုန်းဒုန်း။ဘေးဘီဘက်က လ္ဘက်ရည်ဆိုင်တွေမှာ သူငယ်ချင်းတွေများရှိလေမလား....ခပ်စောင်းစောင်းကြည့်ရင်း။ကျွန်တော် နှင့် ဓါတ်တိုင် နှစ်တိုင်အကွာလောက်မှာ စက်ဘီးတစ်စီး ကုန်းဆင်း ဆင်းလာသည်။
သူ စီးရင်း၊ စီးရင်း ......ကျွန်တော့် လမ်းဘက် ကူးလာသည်။ကျွန်တော့် ဆီကို
တည့်တည့်...။
ကျွန်တော် လန့် သွားသည်။ဘယ်သို့ လုပ်သနည်း။ကျွန်တော်က အရှိန်နှင့်....။
ဘရိတ်အုပ် လျင်လည်း အန္တာရယ်။ကျွန်တော် လမ်းဘေး ဖုတ်တောထဲ ထိုးပြေးရသည်။ဆိုင်ကယ်တခြား လူတခြား။လူတော့ ဘာမှ မဖြစ်။စက်ဘီးပေါ်မှလူက လူကို ပင်လှည့်မကြည့်... ဘာမှ မဖြစ်သလို ခပ်တည်တည် ဆက်စီးသွားသည်။
သူ မြင်သည်ဘဲ။
ကျွန်တော် စိတ်တိုရမပေါ့နော်။ဟေ့လူ....အစချီပြီး ကန်းနေလား။ဘာလား။လှမ်းအော်သည်။ သူ ကျွန်တော့်ကို တစ်ချက်လှည့်ကြည့်သည်။လမ်းကို လက်ညိုး ထိုးသည်။ပြီး ဆက်စီး သွားသည်။ ကျွန်တော်လည်း ထားပါတော့ စိတ်ထားပြီး ဆိုင်ကယ်ကို ပြန်ထောင်လိုက်သည်။ကျွန်တော် သတိထားမိသည်။သြော်.....အစောက လူက ဂျိုင့်ရှောင် တာတဲ့ဗျာ။ဟုတ်ပါရဲ့။ဂျိုင့်တွေကလည်း အကြီးကြီးတွေကိုဗျာ။ဒါ့ထက် ဂျိုင့်ထဲကျလို့  စက်ဘီး ပျက်မှာက နောက်မှ လူက အရင် သေတတ်တယ် ဆိုတာကို သူတို့  မေ့နေ သလားနော်။ကားစပယ်ယာများကို လည်း ကျွန်တော် အသည်ယား လှပါသည်။ ငွေအတွတ် သူတို့ သက်စွန့် ဆံဖျား။ကားကို ရသလို တွယ်ကပ် စီးကြသည်။ငွေကြေး ပစ္စည်း ကို ရဖို့ ၊ ကာကွယ် ဖို့ အတွက် အသက် ကိုပင် အလေးမထားတော့ ဘူးဆိုလျင် ကျန်သော ကိုယ်ချင်းစာစိတ်၊ ဂုဏ်သိက္ခာ၊ဂတိ အစရှိတာ တွေကို ကျွန်တော်တော့ စဉ်းစားလို့ မရ။တိုင်းပြည် တိုးတတ် ဖွံ့ ဖြိုး ကြွယ်ဝမှု့ 
ရဲ့ ရလာဒ် တွေပါ။တစ်ခါတုန်းက ကျွန်တော်က လမ်းပေါ်မှာ။
ကားတစ်စီးက သူ့ အသိကို တွေ့ ပြီး လမ်ကျဉ်းလေးထဲမှာ ရပ်လိုက်သည်။ကျွန်တော်တို့  လည်းကျော်တတ်လို့ မရတော့ တန်းစီပြီး ရပ်လိုက်ရသည်။ကားသည် back မီးနှင့် နောက်သို့ ဆုတ်လာသည်။ကျွန်တော့်ရှေ့မှ ဆိုင်ကယ် ခမျာ ဖယိုဖရဲလဲလေသည်။ လူကိုတော့ မထိ။ ကားပိုင်ရှင် ဆင်းလာသည်။သူ့ ကားကို ပတ်ချာလည်ကြည့်ပြီး ...ဆက်မောင်းသွားသည်။ ဆိုင်ကယ်သမားကလည်း ဘာမျှ ပြန်မပြောရဲ။ဆိုင်ကယ် ဆေးအနည်းငယ် ပွန်းသွားသည်။ ဒါမျိုးက ပြောရမည်။သည်းခံစရာမှ မဟုတ်တာကိုနော်။နောက်ဆုတ်ချင်ရင် မှန်တော့ ကြည့်မှပေါ့။မမြင်ရဘူးဆိုလျင် မလုပ်သင့်။ကဲ ကုန်ကုန်ဗျာ.....ဖြစ်သွားပြီပါတဲ့ဗျာ။ တောင်းပန်ပါတယ်တော့ ကျိုးကျိုးနွံနွံပြောသင့်ပါသည်။အတိုက်ခံရတဲ့လူကလည်း တောက ရွာသားထင်ပါရဲ့။ကျွန်တော်သာဆို ဘယ်ရမလဲ။ပုံကြည့်ပြီးတော့လည်း ဟိုငပေါ က လုပ်သွားသည် ထင်ရပါသည်။ဘေးမှ မကျေနပ် နေရုံသာ တတ်နိုင်သည်။ဝင်ပြောလျင် ကျွန်တော့်မှာ ရန်များသွားနိုင်သည်။ပြောမယ်သာပြောရတယ်။ကျွန်တော်လည်း ညဘက် လ္ဘက်ရည်ဆိုင်သွားလျင် ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ရင်း သတိထားရသည်။ဆိုင်ကယ်နှင့် ဟွန်းတီးလျင် ဖယ်ပေးရသည်။တစ်မျိုးကြီး ပါလေနော်။ပြောတော့လည်းပြောရဲဘူးဗျ။သူတို့ က အုပ်စုနှင့် တစ်မြို့ လုံး က သိပ်မထူးလှ။ပြီးပြောပြရအုံးမယ်။ အညာဆောင်းက အေးလှချည့်။မနက်မနက်များဆို ခြေဖျားတွေ ထုံနေလောက်အောင်ပင်။အချို့ ရက်များဆို အေးလွန်း၍တစ်မြို့လုံး အပြင်မထွက်ကြ ။နေ့ 
ခင်းကြောင်းတောင် လူခြေတိတ်ခဲ့သော ရက်တွေ ရှိခဲ့ဖူးသည်။လူတွေက
လည်းကျန်းမာရေး ကို တအား ဂရုစိုက်သည်ရှိရဲ့။မနက်မနက်ဆို လမ်းလျှောက်သူတွေများလှသည်။ကျွန်တော်တော့ မနက်အစော ထလေ့မရှိပါ။နို့ တဲ့ တစ်ရက်က ကျွန်တော့် ဦးလေးတစ်ယောက် ၏ အာရုံဆွမ်းကျွေးအတွတ် ဘုန်းကြီးပင့်ရန် ထခဲ့ရသည်။လမ်းလျှောက်တဲ့လူတွေ မနည်းပါ။ကျန်းမာရေးဂရုစိုက်တာကောင်းပါတယ်။ဒါပေတဲ့ ....သူတို့ က လမ်းပေါ်မှာ ကုန်းကုန်းကွကွ။ဘေးကိုချမပေးကြ။ကျွန်တော်နှင့် ပင့် သံဃာတွေနှင့် ။လမ်းပေါ်မှာ လူတစ်ယောက် ကုန်းပြီး လက်တွေလွဲနေသည်။ကျွန်တော် အဝေက မြင်လိုက်သည်။သူ မီးမြင်ရင်တော့ ဖယ်လိမ့်မယ်ပေါ့။ထင်ခဲ့တာပါ။အနီးရောက်သည်အထိ မဖယ်။တဖြည်းဖြည်း နီးလာတော့မှ ကောင်မလေးတစ်ယောက်မှန်း သိလိုက်ရသည်။ကျွန်တော့် ကို ဘုန်းကြီးများ ပြုံးစေ့စေ့ကြည့်သည်။ထိုအခါမှ ကျွန်တော် ဟွန်းတီးမိသည်။ပြီး ခပ်တည်တည်နှင့်ပြောခဲ့သည်။ကျန်းမာရေးက နောက်မှနော် ဆရာမလေးရဲ့..... ကားတိုက်ရင် သေတတ်တယ်ဗျလို့ ပေါ့။
ဒါနဲ့ ဒီနေ့ ကျွန်တော် ဆိုင်ကယ် စီးရင်း တစ်ယောက်တည်း ဂျာဂျာလည် မှောက်ခဲ့သည်။ လမ်းပြောင်းပြန် စီးလာတဲ့ဆိုင်ကယ်တစ်စီးနှင့် မျက်နှာချင်းဆိုင်တွေ့ ပြီး ကျွန်တော့်ဆိုင်ကယ် သုံးလေးပတ်လည်ပြီး ကျွန်တော်တော့ ဂျိမ်းစဘွန်းကဲ့သို့ လှလှပပ မကျခဲ့။ရေးကြီးသုတ်ပြာ အိမ်က ထွက်လာတာပါ။အရှိန် အနည်းငယ်တော့ပါပါတယ်။တစ်နေရာ ရောက်တော့ မျက်နှာချင်းဆိုင်တွင် လမ်းပြောင်းပြန်စီးလာသော ဆိုင်ကယ်တစ်စီးကို ရုတ်တရက်တွေ့ လိုက်ရသည်။အဒေါ်ကြီးတစ်ယောက် စီးလာတာပါ။ကျွန်တော် ဘရိတ် ဖမ်းလိုက်သည်။သူနဲ့ က ၀ါးတစ်ရိုက်လောက် ဘဲကွာတော့သည်။ကျွန်တော့် ဆိုင်ကယ် သုံးလေးပတ်လောက် လည်သွားပြီး ကျွန်တော်တော့ လမ်းပေါ် မလှမပ တရွတ်ဆွဲ။မျက်နှာနှင့် ခေါင်းမှလွဲပြီး ကျန်တဲ့နေရာတွေမှာ ဒါဏ်ရာ အကြီး အသေး တန်းစီကုန်သည်။ဖြစ်စက ဆို ပြာသွားတာဘဲ။ ဘာမှလည်း မကြားတော့ဘူး။ဘေးမှ သူငယ်ချင်းများက ပြေးလာပြီး နှိပ်လိုက် မှ သတိပြန်ဝင်လာသည်။
ကျွန်တော်ရှောင် ခဲ့ရသော အဒေါ်ကြီး ကိုမတွေ့ တော့။ကျွန်တော် မပြောတောင် ဒေါသနှင့် ကြည့်ချင်သည်။
မရှိတော့။ဘေးမှ လူများပြောသံကို မကြားတစ်ချက် ကြားဖြစ်အောင် ကြားလိုက်ရ သေးသည်။ကျွန်တော်က ဘရိတ်အုပ် လို့ ဖြစ်သတဲ့ဗျာ။ လမ်းပြောင်းပြန်စီးတဲ့လူကျ မပြောကြ။သူငယ်ချင်းတစ်ယောက်က အိမ်လိုက်ပို့ 
ပေးသည်။
အိမ်ကလည်း လူကို မတိုက်မိတာ တော်သေးသည်တဲ့။လူတိုက်မိလျင်မလွယ်ဘူးဆိုဘဲ။လျော်ကြေး တောင်းစားနေသော လူတွေရှိသတဲ့။ဘယ်ရွာဆိုလား မမှတ်မိတော့။ အဘွားကြီးတစ်ယောက် က ကားလေးတွေကို မထိတထိရှောင်ပြီး လှဲချ အလျော်တောင်းရင်း တကယ်တိုက်မိပြီးသေ တယ်ဆိုဘဲ။
ကျွန်တော်
ဒီနေ့ ကျွန်တော် ရှောင်ခဲ့ရတဲ့ အဒေါ်ကြီးကို သိသည်။ကောင်းကောင်းကြီးတော့မဟုတ်။ မြင်ဘူးရုံသာ။သူ့ ကို လမ်းစည်းကမ်းအကြောင်း သွားပြောမည်ဆိုလျင်လည်း တစ်မြို့လုံးကို အသံချဲ့ စက်နှင့် အော်ရပေမည်။တစ်မြို့လုံးမထူး။ဒီပုပ်ထဲက ဒီပဲ။အတူတူချည်။တစ်မြို့လုံး စည်းကမ်းမဲ့ကြသည်။ လမ်းစည်းကမ်းမရှိကြ။ကွေ့ ချင်သလို ကွေ့ ကြ။သွားချင်သလို သွားကြ။ကျွန်တော်တော့ လမ်းစည်းကမ်းကို စောင့်ပါသည်။ကျန်သူများကိုလည်း လက်လှမ်းမှီသမျှပြောဖြစ်သည်။ဒီနေ့ တော့ကျွန်တော်ကံမကောင်း။
ပြန်ဖို့ တစ်ပါတ်လောက် နောက်ကျအုံးမည် ထင်ပါသည်။တစ်ကိုယ်လုံး ဒါဏ်ရာကြီးငယ် တန်းစီနေသည်။ လာမေးတဲ့ သူငယ်ချင်းတစ်ယောက်က ပြောပြသည်။ကျွန်တော်ကလမ်းပြောင်းပြန် စီးလာတဲ့ အဒေါ်ကြီးအနေနှင့် အနည်းအကျဉ်းတော့ အားနာသယောင်၊တောင်းပန်သယောင်တော့ ရှိသင့်ကြောင်းပြောဖြစ်လိုက်လို့ ပါ။သူက ပြောတယ်။တစ်ခါတုန်းက မန္တလေးမှာ လမ်းပေါ် အမှိုက်လှဲနေတဲ့ အဖွားကြီးတစ်ယောက်ကို ရှောင်ပြီးမောင်းနေရတဲ့ဆိုင်ကယ်တစ်စီးက ဟွန်းတီးလိုက်တော့ အဖွားကြီးက ယောင်ယမ်းပြီး သူလှဲနေတဲ့ တံမြက်စည်းကို နောက်ကို ထိုးလိုက်ရောတဲ့။အဲ့မှာ သူ့ နောက်မှာ တစ်ဖက်လမ်းပေါ်က ဆိုင်ကယ် စပွတ်တံကြားထဲ တံမြက်စည်း တွေဝင်ကုန်ပြီး လဲရော...။
အဲ့ဆိုင်ကယ်ပေါ်က
လူမှာလည်း လမ်းပေါ်မှာ သတိမေ့သွားတော့....သူ့ အိမ်က ဆေးရုံပို့ လိုက်ရသတဲ့။
အပွန်း
အပဲ့တွေလည်း မနည်းဘူးပေါ့။ညနေကျ တံမြက်စည်းလှဲတဲ့ အဘွားကြီးက ဆိုင်ကယ်စီးတဲ့လူ့ အိမ်ကို လာပြီးပြောသတဲ့  ....သူ့ မှာလည်း တံမြက်စည်းနှင့် ရိုက်မိသဖြင့် ရင်ဘတ်အောင့်သွားရာ အလျော်ပေးဖို့ 
တောင်းတာတဲ့ဗျာ။သူပြောမှ ....ကျွန်တော်တောင် နောက်အခါများ အဲ့အဒေါ်ကြီးကို တွေ့ ရင် ဘယ်သို့ 
တောင်းပန်ရမည်နည်း စဉ်းစားရ
ပေအုံးမည်။အယင်တစ်ခါ မှောက်တုန်းက အမာရွတ်တွေက ဘယ်ဘက်လက်တွင် မပျောက်သေး။အခု ညာဘက်တွင် ခပ်ကြီးကြီးတစ်ခု ပိုလာပြန်ပေပြီ။တစ်ကိုယ်လုံး မွစာကို ထလို့ ....မနက်ကျ အေးအေးနှင့် အတော်လေး နာပေလိမ့်အုံးမည်။အညာမြေမှ မမေ့ဖွယ်ရာတွေ ပေါ့နော်။အညာမှာ တစ်ခါတစ်လေကျ ပျော်ပါတယ်။တစ်ခါတစ်လေတော့ ရူးချင်တယ်ဗျ။နောက်များတွေ့  ဖြစ်ခါမှ ရွာတွေကို အတူတူ ကွင်းဆင်းကြတာပေါ့နော်။
တစ်ခါတစ်လေ ဆိုယင်တော့ ပျော်စရာကောင်းပါတယ်။

Jan 1, 2008

သူ့ အတွေး

ကျွန်တော် ဒီနေ့ အေးအေးလူလူ လ္ဘက်ရည်ဆိုင်မှာ မနက်က မိုးချုပ်ဘက်ထိ ထိုင်ဖြစ် လိုက်ပါတယ်။ကောင်တာက ကောင်မလေး ချောလို့ လား။မဟုတ်ပါ။လမ်းပေါ်က အချက်
အချာမို့ လား။မဟုတ်ပါ။ကျွန်တော် အေးအေးလူလူ စာဖတ်ရင်း၊ဆေးလိပ်သောက်ရင်း၊ ရေနွေးသောက်ရင်း….စဉ်းစားရင်း နေချင်လို့ ပါ။ချောင်ကျတဲ့ လူရှင်းတဲ့ ဆိုင်တစ်ဆိုင်မှာပါ။
ရှောင်မှ တွေ့ တတ်တယ် သိလား။ကျွန်တော် ထိုင်နေတုန်း ကျွန်တော် သိပ်ကြည့်မရတဲ့ လူတွေ ရောက်လာပါရဲ့။သူတို့ က ကျွန်တော့်ဘေး လာထိုင်တယ်။စိတ်က သိပ်မကြည်
တော့ဘူးပေါ့။ထိုင်ရုံဆို စကားမပြောလည်း ရတယ်။မဟုတ်ဘူးဗျာ။လူကိုလည်း နှိပ်ကွပ်တယ်ဗျ။စိတ်ထဲမှာတော့ ငပေါတွေ…ငပေါတွေ အကြိမ်ကြိမ် ပြောပြီးနေပြီ။ကျွန်တော်က အလုပ်ကို စိတ်မရှိဘူး…… စာတွေလျှောက်ဖတ်နေတော့ ဘာရမှာမို့ လို့ တုန်းတဲ့။ကျွန်တော့် လက်ထဲက စာအုပ်ကို ကြည့်ပြီး ပြောတာပါ။အလုပ်လုပ်နိုင်မှ ငွေရမတဲ့ဗျာ။သူ့  တူမတစ်ယောက် ဂျပန်က ပို့ လိုက်တဲ့ စာအကြောင်းပြောပြန်တော့…ဂျပန်တွေက အလွန်ဟန်ဆောင်ကြသတဲ့။အရမ်းလည်း အားနာတတ်ကြသတဲ့။ဘာကိုမဆိုအားနာပြီးဟန်ဆောင် ဆက်ဆံကြ သတဲ့။ဟန်ဆောင်နေသလား ၊ တကယ်လားဆိုသည်ကို ပင် မသိနိုင် လောက်အောင်ကိုဆိုဘဲဗျ။ကျွန်တော် စိတ်ညစ်လာပါပြီ။ သြော်ဟုတ်လား၊ကောင်းတာပေါ့ လို့ ခေါင်းညိတ် ထောက်ခံရင်း…နေချင်တယ်လို့ ပြောရင် သူတို့ ကို ကျွန်တော်တို့ ရွာပို့ ပေး လိုက်ပါ။ရှိသမျှ အမွှေး တွေဘဲပြောင်သွားမလား။ လူဘဲရူးသွားမလား။ ခဏလေးချင်းဖြစ်သွားစေရမယ်လို့ ။သူ …မျက်လုံးလေး ကလယ် ကလယ် စဉ်းစားပါတယ်။ထောက်ခံ သည်ရှိရဲ့။ဟွန်း….လို့ သူသက်ပြင်းချသည်။ပြီး ဆက်ပြောသည်။သူငြိမ်သွားပြီ ဆိုပြီးစာဖတ်ဖို့  အရှိန်ယူလိုက်တဲ့ ကျွန်တော် စာအုပ်ပိတ်ပြီး နားထောင်နေလိုက်သည်။ဂျပန်ပြည်မှာ လူအများက အလုပ်လုပ်ကြသည့်အတွတ် ငွေချမ်းသာကြသည်တဲ့။ကျွန်တော်တို့ ဗမာတွေက တော့ ပျင်းကြသတဲ့။ကျွန်တော့်ကို လည်း ပျင်းသတဲ့။ဂျပန်တွေဆို မနက်ရှစ်နာရီကနေ ညဘက် သန်းခေါင်ထိ အလုပ်လုပ်ကြသတဲ့။ကျွန်တော့်ကို ပါပြောလာပြီ။ကျွန်တော် ပြန်ပြောရ တော့  မည်။အခုကျွန်တော်က ဘာဖြစ်နေလို့ တုန်းပေါ့။ကျွန်တော် စိတ်တိုတိုနှင့် မေးလိုက်သည်။သူ….အင်း၊အဲ နှင့် မဖြေ။ကျွန်တော်က ဆက်ပြောသည်။အခုကျွန်တော် ထိုင်နေသည်။နေပါအုံးပေါ့။ခင်ဗျားက ကြီးပွားနည်းတွေ သိပြီးပြီ ဆိုတော့ အခုခင်ဗျားကကော…လို့ ကျွန်တော် ကလိလိုက်သည်။သူ…..အင်း..ဆိုပြီး၊စဉ်းစားသည်။ပြီး သူက ဆက်ပြောသည်။ငါက အခု အလုပ်လုပ်ခဲ့လို့ ငါ့မှာ အရိပ်တွေရှိတယ်။ငွေတွေ ရှိတယ် တဲ့ဗျာ။
ကျွန်တော် ခနဲ့ 
သလို ရယ်လိုက်ပြီး….နွားခြေရာခွက်ကို ပင်လယ်ထင်သော ဖားသူငယ်ကဲ့သို့ ….လို့ 
သူ့ ကို စိတ်ကုန်သလို ကြည့်ပြီးပြောလိုက်တယ်။ချာခနဲ့ လှည့်ထွက်သွားလေရဲ့။ကျန်လူများကတော့
သူတို့ စကားနှင့်သူတို့ မို့ အစအဆုံး မကြားလိုက်ကြ။သူထွက်သွားမှ ကျွန်တော့်ကို ကြည့်လေ၏။ နားအေးသွားတာပေါ့။တိုက်တိုက်ဆိုင်ဆိုင်ဘဲ ကောင်တာက ထူးအိမ်သင်း ၏
တစ်နေ့ စာအလွဲများ ဖွင့် လိုက်တယ်။
သူ မမှတ်လို့ ရယ်သာ။အရင် အခေါက်တုန်းကလည်း ငါက မင့်တို့ အရွယ်တုန်းက အတော်လေးကြိုးစားပြီး အလုပ်လုပ်နေပြီ။ဘာညာညာပြောပြီး …အဲ့ဒါကြောင့် သူက အခုဆို အောင်မြင်သတဲ့။ကျွန်တော် အဲ့တုန်းက ပြောခဲ့တာ မှတ်မိနေသေးသည်။အောင်မြင်တယ်။ အောင်မြင်တယ်။အောင်မြင်တယ်။ကျွန်တော် တမင်ကိုဘဲ သုံးခါလောက် ခပ်ကျယ်ကျယ် ရွတ်ခဲ့သည်။
သူ ကျွန်တော့်ကို ဘုကြည့် ကြည့်သည်။ကျွန်တော် ကျောက်တုံးပိသူများ ခေါင်းစဉ်တပ် ပြီး သူ့ ကို ပြောဖြစ်တယ်။လူတွေ …လူတွေ ကိုယ်စီမှာ မွေးကတည်းက
သူတို့ နှင့်အတူ ကျောက်တုံးလေးတွေ ပါလာကြတယ်ပေါ့။အချို့ ကတော့ ဂုဏ်ရှိတဲ့ မိဘတွေဆီမှာ ဖြစ်ရပြီး။အချို့ ကတော့ ငွေရှင်၊ကြေးရှင် တွေဆီမှာ လူဖြစ် ရသည်ပေါ့။သူတို့ အတွက်က အတော်လေး အဆင်ချောပြီးသား။အချို့ ကျတော့ လက်ချည်ဗလာ။သူတို့ အောင်မြင်ခြင်းအတွတ် သူတို့ ကိုယ်တိုင် သူတို့ လိုချင်သောနေရာကို တွန်းယူကြ ရတယ်ပေါ့။ဘ၀ဆိုတဲ့ လမ်းကလည်း နိမ့်တစ်ခါ၊မြင့်တလှည့် ရှိတတ်ပြန်ရော။ကျောက်တုံး တွန်းရာတွင် ကံ(အလုပ်)၊ဥာဏ်၊၀ိရိယ၊ပေါင်းပြီး တွန်းကြပြီး လူတွေချင်း အားလုံးတော့ လမ်းခရီးချင်း မတူညီကြ။ဖြစ်ရပ်များသည်တော့ လမ်းနှင့်တူပြီး ဥာဏ်သည်တော့ လမ်းခရီးအလိုက် အသုံးချ
တတ်သော အရည်အချင်းနှင့်တူသည်။ဝိရိယ
သည် ဘာလိုဘဲဖြစ်ဖြစ် တွန်းမယ်ကွာဆိုတဲ့ စိတ်ဓါတ်နှင့် အချိန်မလပ် တွန်းနေတတ်ခြင်းဖြစ် သည်။အချို့ က အစကတည်းက ကုန်းဆင်းတွေ။အချို့ ကျပြန်တော့ သေသည်အထိ အဆင် မချောကြ။ဘယ်လောက် ဥာဏ်ကောင်းသည်ဖြစ်စေ၊ ၀ိရိယကောင်းသည်
ဖြစ်စေ…. လမ်းက
ဆိုး၊ပို့ လို သောနေရာက အလှမ်းဝေးသည် ဖြစ်နေလျင် သူ့ အဖို့ မလွယ်။အချို့ဆို လူကလည်း တကယ်တော်ပါရဲ့။အလုပ်လည်း မနားတမ်းလုပ်ပါရဲ့။သူတို့ တစ်သက်တွင်အောင်မြင်မှု့
ဆိုသည်
ကို မသိသွားကြ။ကမ္ဘာဦးအစက တိုင်ပြောမယ်ဆိုရင် ကျွန်တော်တို့ ထိုင်နေတဲ့ နေရာအောက်
မှာ အောင်မြင်တယ်ဆိုတာကို လုံးဝမသိသွားရဘဲ သေသွားခဲ့ရတဲ့ လူတော်တွေ အများကြီးမို့ အားနာသောအားဖြင့် ကျွန်တော်တို့ ထိုစကားအတွတ် ဆင်ခြင်သင့်ပါသည်လို့ ကျွန်တော် သူ့ ကို ကြည့်ရင်းပြောလိုက်သည်။သူ ဘာမျှတော့ ပြန်မပြောခဲ့။ကျွန်တော် ဆက်ပြောသည်။လူတွေက
သူတို့ တွန်းလို့ ကျောက်တုံး ကမရွေ့ ရင် ...ကံကိုက မကောင်းတာပါလို့ 
ဆိုတတ်ကြပြီး။သူ့ အားမပါဘဲ လမ်းကိုက ကောင်းသွားလို့  လိုရာကို လိမ့်သွားပြန်တော့ရင်တော့ ငါပေါ့လို့ လက်မထောင်ပြီး အောင်မြင်ခြင်းဘက်တွင် ကျောက်တုံးပေါ် တတ်ထိုင်တတ် ကြသည်ပေါ့။ ကျောက်တုံးတစ်ပတ်လည်သောအခါတွင် ထိုသူသည် ကျောက်တုံး ပိလေ၏။ အချို့ လည်းသူတို့ 
တွန်းသောကျောက်တုံးက တွန်းရာမသွား၊ပြောင်းပြန်
ဆင်းသဖြင့် မရှောင် လျင် ရှုံးနိမ့်ခြင်းဘက်တွင် ကျောက်တုံး ပိလေ၏။ကျောက်တုံးပိသူများသည် ဦးနှောက်၊ခေါင်း (စဉ်းစားတွေးခေါ်ခြင်း၊စာပေ)၊
ခြေ၊လက် (အပေါင်း အသင်း၊
စုပေါင်းလှုပ်ရှားခြင်း)တို့ ကျောက်တုံးအောက် ပိကုန်လေသဖြင့်
ထိုသူများသည် ဘ၀ တစ်ပိုင်း သေလေပြီ။ထိုကျောက်တုံးကို သူ့ ဘာသာသူ လိမ့် ပါစေ။
တွန်းဖို့  တာဝန်သာ
ကိုယ့်တာဝန်။ကိုယ့်ကိုလည်း ပြန်မပိစေဘဲ။လိမ့်တဲ့ ကျောက်တုံးပေါ်လည်း တတ်မထိုင်မိစေဘဲ နေမှ လွတ်တော့မပေါ့နော် လို့ ကျွန်တော်ပြောလိုက်တယ်။သူ ကျွန်တော်ပြောတာကို နားလည်ဟန်တော့ ရှိပါရဲ့။နှုတ်ဆိတ်သွားသည်။ကျန်သူများက မျက်နှာ မကောင်းကြ။
ကျွန်တော်ပြောသည်များ လွန်ခဲ့လေလားဗျာ။သူက အမှတ်မရှိဘူးဗျ။
ဒီနေ့ လည်း ထပ်လာပြီး
ဒီအကြောင်းဘဲ ပြောပြန်တာဘဲ။နောက်ထပ်လည်း ပြောရအုံးမယ် ထင်ပါရဲ့ဗျာ။နောက်တော့ သူလာရင် ပြေးတာဘဲ ကောင်းမယ် ထင်ပါတယ်နော်။နောက်တွေ့ မှ အေးအေးဆေးဆေး ခင်ဗျားရယ်၊ကျွန်တော်ရယ်၊သူရယ် လ္ဘက်ရည်ဆိုင် ထိုင်တာပေါ့။အဲ့ဒါမှ ကျွန်တော့်ကို ကိုယ်ချင်းစာတတ်မှာဗျ။ကျွန်တော်နှင့် အဖော် နောက်နှစ်ယောက်ကတော့
အတော်လေး မိုးချုပ်မှ ပြန်ခဲ့ကြသည်။

javascript:void(0); Save Template